ပလက်ဝ စစ်ဘေးဒုက္ခသည်တွေအတွက် WFP က ပေးတဲ့ ဆန်အိတ်တွေ စစ်ကောင်စီတပ် ပိတ်ထား

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့မှာရှိတဲ့ စစ်ဘေးဒုက္ခသည် ငါးထောင်အတွက် ကမ္ဘာ့ စားနပ်ရိက္ခာအဖွဲ့ (WFP) က ပို့ပေးတဲ့ ဆန်အိတ်နှစ်ထောင်ခန့်ကို ရခိုင်ပြည်နယ် ကျောက်တော် မြို့အခြေစိုက် စကခ (၉) က သယ်ခွင့်မပေးသေးဘူးလို့ စစ်ဘေးဒုက္ခသည် ကူညီပေးသူတွေက ပြောပါတယ်။

ဒါကြောင့် ပလက်၀ စစ်ဘေးဒုက္ခသည်တွေ ရိက္ခာ ပြတ်နေပြီလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒုက္ခသည်အရေး ကူညီနေသူတစ်ဦးက RFA ကို ပြောပါတယ်။

"ကျနော်တို့က အခု စစ်ရှောင်စခန်းမှာ ရိက္ခာပြတ်နေတယ်။ အခု တိုက်ပွဲတွေကလည်း ဖြစ်တော့ WFP က ပို့နေတဲ့ ရိက္ခာတွေ ကျောက်တော်ကနေ ဒီဘက် သယ်ခွင့်မပြုသေးဘူး။ ဘယ်သူတွေက သယ်ခွင့်မပြုဘူးဆိုတာ မပြောချင်ပါဘူး။ ကျနော်တို့မှာ အခက်အခဲဖြစ်နေပြီ"

ဒီကိစ္စနဲ့ ပတ်သက်ပြီး တိတိကျကျသိနိုင်ဖို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) ကို RFA က ဆက်သွယ်မေးမြန်းထားပေမယ့် အကြောင်းပြန် ဖြေကြားတာ မရှိသေးပါဘူး။

စစ်ကောင်စီရဲ့ ချင်းပြည်နယ် ပြောရေးဆိုခွင့်ရှိသူကိုလည်း RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့ မေလ ၂၆ ရက်နေ့က ချင်းပြည်နယ် ပလက်ဝမြို့မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ခဲ့ပြီးနောက်ပိုင်း ပလက်၀ - ကျောက်တော် ရေကြောင်းလမ်းကို စစ်ကောင်စီ တပ်က သုံးလကျော်ကြာ ပိတ်ခဲ့ပြီး အခုပြန်ဖွင့်ထားပေမယ့် စက်လှေတွေ အသွားအလာမရှိသေး ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒါကြောင့် အခြေခံစားသောက်ကုန်တွေ ပြတ်လပ်နေပြီး ပိုက်ဆံရှိရင်တောင် ၀ယ်ဖို့ဆန်မရှိဘူးလို့ ပလက်ဝမြို့ခံတွေက ပြောပါတယ်။

လက်ရှိ ပလက်ဝမြို့ပေါ်မှာ ဘောလုံးကွင်း စစ်ဘေးဒုက္ခသည်စခန်း၊ စိုက်ပျိုးရေးကွင်း စစ်ဘေး ဒုက္ခသည်စခန်းနဲ့ ၀ိသုဒ္ဓါရုံ စစ်ဘေးဒုက္ခသည်စခန်းတွေမှာ စစ်ဘေးဒုက္ခသည် ငါးထောင်ကျော် ရှိနေပါတယ်။

ဩဂုတ်လ ၂၃ ရက် ဒီနေ့မနက်ပိုင်းမှာလည်း ပလက်၀မြို့နယ် အဘောင်သားရွာနဲ့ ရီးမဝရွာဘက် မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။