သံတွဲမြို့နယ်၊ ငပလီမှာ စစ်ကောင်စီတပ်နဲ့ AA တို့ တိုက်ပွဲပြင်းထန်နေ
2024.07.19
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ငပလီ၊ ဂျိတ္တောရပ်ကွက်နဲ့ ဟိုတယ်ဇုန်တွေအနီး ဇူလိုင်လ ၁၉ ရက်မနက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ AA တို့ တိုက်ပွဲပြင်းထန်နေပါတယ်။
သံတွဲမြို့ပေါ်ကို အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားပေမဲ့ စစ်ကောင်စီရဲ့ မောင်ရွှေလေး ရေတပ်ကိုတော့ မသိမ်းယူနိုင်သေးပါဘူး။
စစ်ကောင်စီဟာ မောင်ရွှေလေးရေတပ်ကို ကာကွယ်ဖို့ စစ်အင်အားဖြည့်ပြီး တိုက်ခိုက်နေတယ်လို့ သံတွဲ ဒေသခံတစ်ဦးက ပြောပါတယ်။
“အဓိကတော့ စစ်ကောင်စီတပ်က မောင်ရွှေလေးရေတပ်ကို ကာကွယ်နေတာပေါ့။ မောင်ရွှေလေး ရေတပ်ကိုဝင်ဖို့ လမ်းကြောင်းနှစ်ခုလုံးကို ပိတ်ဆို့တိုက်ခိုက်နေတာပါ။ ကုန်လမ်းကဆိုရင် ဇလွန်ရွာဘက်ကနေ ပိတ်ထားတယ်။ ရေလမ်းဘက်ကဆိုရင် ဂျိတ္တောဘက်က ပိတ်ပြီးတိုက်နေတာ။ မနေ့က တစ်ရက်လုံး တိုက်ပွဲဖြစ်တယ်။ ဒီနေ့လည်း ပစ်ခတ်သံတွေ ကြားနေရတယ်”
သံတွဲမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ် ခလရ (၅၅) နဲ့ ခမရ (၅၆၆) ကို ဇူလိုင်လ ၉ ရက်မှာ AA က သိမ်းယူပြီး မြို့ပေါ်ကိုပါ ထိန်းချုပ်ထားတာပါ။
သံတွဲတိုက်ပွဲ အခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်တာ မရှိပါဘူး။ အလားတူ ရခိုင်ပြည်နယ် စစ်ကောင်စီ ပြောခွင့်ရသူကို ဖုန်းခေါ်ခဲ့ပေမဲ့ ပြန်မဖြေပါဘူး။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ AA တို့ တိုက်ပွဲရှစ်လအတွင်း ချင်းပြည်နယ် ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ်က မြို့နယ် ကိုးမြို့နယ်ကို AA က သိမ်းယူထားပြီး သံတွဲနဲ့ မောင်တောမြို့နယ်တွေကိုလည်း အပြင်းအထန် တိုက်ခိုက်နေပါတယ်။