အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းမြို့အနီးမှာ တိုက်ပွဲပြင်းထန်နေ

RFA Burmese
2024.10.04
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းမြို့အနီးမှာ တိုက်ပွဲပြင်းထန်နေ အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့က တွေ့ရစဉ်။
AA Info Desk Photo

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိတဲ့ ရခိုင်ပြည်နယ်၊ အမ်းမြို့ကို အာရက္ခတပ်တော် (AA) က တိုက်ခိုက်သိမ်းပိုက်ဖို့ ကြိုးပမ်းနေပြီး ဌာနချုပ်နဲ့ ငါးမိုင်ခန့်အကွာ မဲတောင်တစ်ဝိုက်မှာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ ပြောပါတယ်။

စက်တင်ဘာ ၂၆ ရက်နေ့ကတည်းက တိုက်ပွဲစတင်ခဲ့တာဖြစ်ပြီး AA ဘက်က တိုင်းစစ်ဌာနချုပ်ထဲကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေသလို မြေပြင်ကနေလည်း ထိုးစစ်တွေဆင်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် မကျဆုံးရေးအတွက် ငါးမိုင်အကျော်မှာရှိတဲ့ မဲတောင်ကနေ အပြင်းအထန် ခုခံနေသလို လေကြောင်းကနေလည်း ဆက်တိုက်ဗုံးကြဲနေတယ်လို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ အမ်းဒေသခံတစ်ဦးက ဆိုပါတယ်။

“အခု မဲတောင်မှာ တိုက်ပွဲဖြစ်နေတာ ၁၀ ရက်လောက်ရှိပြီ။ စစ်တပ်က အင်အားအလုံးအရင်းချပြီး တိုက်နေတာ။ AA ကလည်း တိုက်နေတယ်။ တိုင်းစစ်ဌာနချုပ်ကိုလည်း လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်နေတယ်။ မြို့ထဲမှာတောင် စစ်သားတွေ အဲလောက်မရှိတော့ဘူး။ အကုန်လုံး မဲတောင်ကို ပို့ထားတယ်။ ဂျက်လေယာဉ်တွေနဲ့လည်း ပစ်တယ်။ အဲဒီ မဲတောင်သာကျသွားရင် တိုင်းစစ်ဌာနချုပ်နဲ့ အမ်းမြို့ကို AA က သိမ်းဖို့လွယ်သွားပြီ”

စစ်ကောင်စီတပ်ဟာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို တိုက်ပွဲတွေမရောက်လာဖို့အတွက် တောဟိန်းတောင်နဲ့ မဲတောင်ဗျူဟာကနေ အဓိကကာကွယ်နေပေမဲ့ မကြာသေးခင်က တောဟိန်းတောင်ဗျူဟာကို AA က သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီစစ်ကြောင်းတွေလည်း ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် ထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

တိုက်ပွဲအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ရော အာရက္ခတပ်တော် (AA) ကပါ တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးပါဘူး။

အမ်းဒေသခံ အများစုကတော့ တိုက်ပွဲကင်းလွတ်ရာ နေရာတွေနဲ့ AA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေကို ထွက်ပြေးတိမ်းရှောင်နေကြပြီး စစ်ကောင်စီတပ် အားပေးထောက်ခံသူတွေနဲ့ တပ်မိသားစုဝင်တွေ၊ ငွေကြေးခက်ခဲနေသူတချို့ပဲ မြို့ပေါ်မှာကျန်နေခဲ့တယ်လို့ ပြောပါတယ်။

အလားတူပဲ ဂွမြို့နယ် ရတနာမြိုင်ကျေးရွာအနီးမှာလည်း စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်နေပြီး မနေ့ကရက်တည်းမှာတင် စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ငါးကြိမ်အထိ ဗုံးလာကြဲခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းနဲ့ အာရက္ခတပ်တော် (AA )ပြောခွင့်ရသူ ဦးခိုင်သုခကို RFA က ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်တာ တစ်နှစ်နီးပါးရှိလာပြီဖြစ်ပြီး ရခိုင်ပြည်နယ်က မြို့နယ် ၁၀ မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို AA က သိမ်းပိုက်ထားပါတယ်။ ရခိုင်ပြည်နယ်အတွင်း နောက်ထပ်ကျန်ရှိနေတဲ့ မြို့နယ်တွေအားလုံးကို သိမ်းပိုက်နိုင်ဖို့ ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်သွားမယ်လို့ အာရက္ခတပ်တော် (AA) က ထုတ်ပြန်ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။