ဧရာဝတီတိုင်း သာပေါင်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ AA တို့ တိုက်ပွဲဖြစ်နေ
2025.01.30

ဧရာ၀တီတိုင်း သာပေါင်းမြို့နယ် ရခိုင်ရိုးမအနီးက ရွာတွေမှာ ဇန်နဝါရီလ ၃၀ ရက်နေ့အထိ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီး တိုက်ပွဲအတွင်း သာပေါင်းမြို့မရဲစခန်းမှူး ဒုရဲမှူး ဝင်းနိုင်ဦး သေဆုံးသွားတယ်လို့ စစ်ရေးအခြေအနေကိုသိရှိတဲ့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ပုသိမ်မြို့နယ်က AA သိမ်းပိုက်ထားတဲ့ မကျီးဇင်ရွာကနေ သာပေါင်းမြို့ကို လာရောက်နိုင်တဲ့ ရိုးမဖြတ်လမ်းက ရွာတချို့မှာ စစ်ကောင်စီတပ်က ခံစစ်ပြင်ထားတာပါ။
အဲဒီခံစစ်ပြင်ထားတဲ့ နေရာတွေထဲက သစ်ဖြူရွာ စခန်းကို ဇန်နဝါရီလ ၂၈ ရက်နေ့မှာ သာပေါင်းမြို့မရဲစခန်းမှူးနဲ့ အဖွဲ့က ရိက္ခာလာပို့ချိန် AA က ကြားဖြတ်တိုက်ခိုက်တာစလို့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ရဲတပ်ရင်း အဲဒီ (သစ်ဖြူရွာ) မှာ ရှိတယ်။ အဲဒါကို ရိက္ခာသွားပို့တာ။ အဲဒါ AA က စနိုက်ပါနဲ့ ပစ်တဲ့အခါကျတော့ စခန်းမှူး ဝင်းနိုင်ဦးကတော့ နားထင်ကို မှန်တယ်။ ယာဉ်မောင်းက လက်ကို မှန်တယ်တဲ့။ AA က ကြားဖြတ်ပြီးတော့ တပ်မနှစ်ခုရဲ့ ကြားထဲကနေ အထိုင်ယူပြီးတော့ သူတို့က စနိုက်ပါနဲ့ ထောက်ထားတယ်။ တိုက်ပွဲကတော့ မနေ့ကလည်းဖြစ်နေတုန်းပဲ”
လက်ရှိမှာလည်း သာပေါင်းမြို့နယ်ထဲမှာ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားတာ မရှိပေမဲ့ ပြောက်ကျားတိုက်ခိုက်မှုပုံစံနဲ့ ပစ်ခတ်မှုတွေ ရှိနေတယ်လို့ သူက ပြောပါတယ်။
AA နဲ့ ပူးပေါင်းတပ်တွေဟာ ပုသိမ်မြို့နယ် မကျီးဇင်ရွာဘက်ကနေ သာပေါင်းမြို့နယ်ထဲ ဝင်ရောက်လာတာ ရှိသလို ဂွမြို့နယ်ကတစ်ဆင့် စစ်ကောင်စီတပ်ရဲ့ ဗေဒါစခန်းကို ကျော်လွန်ပြီး ရေကြည်မြို့နယ်ထဲကို အင်အားဖြန့်ကျက်လာတာကြောင့်လည်း တိုက်ပွဲတွေ ဆက်ဖြစ်လာနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ဧရာ၀တီတိုင်း ပုသိမ်နဲ့ သာပေါင်းမြို့နယ် အပါအဝင် ရေကြည်၊ ကြံခင်း၊ မြန်အောင်၊ အင်္ဂပူ၊ လေးမျက်နှာ စတဲ့မြို့နယ်တွေကို ခရီးသွားလာမှု သတိထားဖို့ ဗြိတိန်နိုင်ငံခြားရေးနဲ့ ဓနသဟာယ ဖွံ့ဖြိုးရေးဌာန (FCDO) က ဇန်နဝါရီ ၂၂ ရက်နေ့က ထုတ်ပြန်ပါတယ်။
ရခိုင်ရိုးမနဲ့ နယ်မြေချင်းဆက်စပ်နေတဲ့ ဧရာ၀တီတိုင်း ပဲခူးတိုင်းနဲ့ မကွေးတိုင်းက စစ်ကောင်စီ တပ်စခန်းတွေအထိ ထိုးစစ်ဆင်တိုက်ခိုက်တာကြောင့် ရခိုင်ရိုးမတောင်တန်းပေါ်မှာ နေ့စဉ် တိုက်ပွဲဖြစ်ပွားနေတယ်လို့ AA က ဇန်နဝါရီလ ၂၇ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။