ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်း ရေနောက်ငါးသားကျေးရွာနဲ့ ငါးမိုင်လောက်ဝေးတဲ့ တောင် တန်းမှာ နိုင်ဝင်ဘာလ ၉ ရက် ဒီနေ့ နေ့လယ်ပိုင်းက စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွား ခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ရက္ခိုင့်တပ်တော် (AA) က ထိန်ချုပ်ထားတဲ့နယ်မြေထဲကို စစ်တပ်က ဝင်လာတာကြောင့် တိုက်ပွဲစတင်ဖြစ်ပွား ခဲ့တာလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
ရေနောက်ငါးသားကျေးရွာ အုပ်ချုပ်ရေးမှူး ဦးညိုသာထွန်းလည်း ဒီနေ့ နေ့လယ် ၁၂ နာရီလောက်မှာ လက်နက် ကြီးပစ်သံ သုံးချက်ကိုပါကြားရတယ်လို့ ပြောပါတယ်။
ဒီတိုက်ပွဲကြောင့် အဲဒီနေရာက ဒေသခံတွေလည်း စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။
ဒီနေ့ တိုက်ပွဲဖြစ်တဲ့နေရာအနီးမှာ မြိုတိုင်းရင်းသားတွေ နေထိုင်တဲ့ အလယ်ရွာ၊ အထက်ရွာရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကတည်းက လူတွေမနေတော့တာကြောင့် အခုလက်ရှိ တိုက်ပွဲဖြစ်တာနဲ့ ပတ်သက်လို့ အသေး စိတ်အခြေအနေကို မသိရဘူးလို့လည်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးညိုသာထွန်းက ပြောပါတယ်။
ဒီနေ့တိုက်ပွဲနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ ရက္ခိုင့်တပ်တော် (AA) ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကို RFA က ဒီနေ့ညနေက ဆက်သွယ်မေးမြန်းထားပေမယ့် အကြောင်းမပြန်သေးပါဘူး။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကိုလည်း RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကစလို့ တိုက်ပွဲ တွေ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ၂၀၂၀ ခုနှစ် နိုဝင်ဘာလကစလို့ အချိန်တစ်နှစ်ကျော်ကြာ ရပ်စဲနေတာပါ။
RFA ကရရှိထားတဲ့ စာရင်းတွေအရ အဲဒီစစ်ရေးပဋိပက္ခတွေကြောင့် သေဆုံးသွားတဲ့ အရပ်သား ၃၂၀ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၇၃၀ ဦးအထိရှိခဲ့ပါတယ်။ စစ်ဘေးဒုက္ခသည် ရှစ်သောင်းကျော်ဟာလည်း အထိအချိန် နေရပ်မပြန်နိုင်ကြသေးဘူးလို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး (REC) က ပြောထားပါတယ်။