လောင်းလုံးမြို့ပေါ်မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့ တိုက်ပွဲပြင်းထန်နေ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်က စစ်ကောင်စီတပ်စွဲထားတဲ့ နေရာတွေကို ဇန်နဝါရီ ၃၀ ရက် ဒီနေ့မနက်ပိုင်းကစပြီး ဒေသအခြေစိုက် ကာကွယ်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်တာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

လောင်းလုံးမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ ရဲစခန်းနဲ့ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံးကို စတင်ဝင်ရောက်တိုက်ခိုက်နေတာဖြစ်ပြီး အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီတပ်ကလည်း လောင်းလုံးမြို့ရဲ့ အနောက်ဘက် စမ်းလှမ်းရွာအနီး ပင်လယ်ထဲမှာရှိတဲ့ စစ်သင်္ဘောကနေ လက်နက်ကြီးနဲ့ပစ်တဲ့အပြင် ထားဝယ်မြို့ဆိပ်ကမ်းကနေလည်း လက်နက်ကြီးနဲ့ပါ ပစ်ကူနေတယ်လို့ ဆိုပါတယ်။

ဒီနေ့မနက် ၁၁ နာရီကျော်အထိ အပြန်အလှန်ပစ်ခတ်သံတွေ ကြားနေရပြီး ပြည်သူတွေပါ ထိခိုက်မှုရှိနေတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“လောင်းလုံးစခန်းကို သိမ်းဖို့တိုက်တာလို့ ပြောသံကြားတယ်။ အခြေအနေကတော့ မသိရသေးဘူးလေ။ သတင်းစောင့်နေတုန်းပဲ။ ရဲစခန်းဘက်မှာပဲ ဖြစ်နေတာ။ မြို့ပေါ်က အခြေအနေ ဆိုးတဲ့နေရာဆိုရင်တော့ ရှောင်ကြတဲ့လူတွေရှိတယ်”

တိုက်ပွဲကြောင့် ထိခိုက်မှုအတိအကျကို မပြောနိုင်သေးပေမယ့် မြို့ပေါ်ကနေအိမ်တချို့ ပျက်စီးမှုရှိနေပြီး ပြည်သူတစ်ဦးလည်း ဒဏ်ရာရထားတယ်လို့ ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဒါ့အပြင် ရေဖြူမြို့နယ် (ခ) ရပ်ကွက်၊ ရပ်တော်မူဘုရားကုန်းပေါ်မှာ တပ်စွဲထားတဲ့စခန်းကိုလည်း ကာကွယ်ရေးတပ်ဖွဲ့တွေ ဇန်နဝါရီ ၂၉ ညကတည်းက ဝင်တိုက်တာကြောင့် တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်း ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးသန့်ဇင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက်နဲ့ ၂၀ ရက်နေ့မှာလည်း လောင်းလုံးမြို့ပေါ် က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ အထက်တန်းကျောင်း၊ စရဖရုံးနဲ့ ရဲစခန်းတို့ကို ဒေသအခြေစိုက် ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။