မုံးကိုးတိုက်ပွဲ အရပ်သား ခြောက်ဦး ထိခိုက်၊ လူ ၄၀၀ ကျော် တရုတ်နယ်စပ်ကို ထွက်ပြေးရ

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့နယ်ခွဲ ရပ်ကွက် ၆၊ ရွာသစ်အနီးမှာ အောက်တိုဘာလ ၁၂ ရက် မနေ့ နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ကိုးကန့် MNDAA တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အမျိုးသား နှစ်ဦးနဲ့ အမျိုးသမီး လေးဦး၊ စုစုပေါင်း အရပ်သား ခြောက်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ ပြောပါတယ်။

ရွာသစ်အောက်ဘက်မှာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့သလို ရွာသစ်အပေါ်ပိုင်းကုန်းမှာရှိနေတဲ့ စစ်ကောင်စီတပ် တွေနဲ့ လက်နက်ကြီးတွေနဲ့ အပြန်အလှန် ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီလက်နက်ကြီးတွေဟာ ရပ်ကွက် ၆ မှာရှိတဲ့ နေအိမ်အချို့ကိုကျရောက်ပြီး အရပ်သားတွေ ထိခိုက်ဒဏ်ရာ ရခဲ့ကြတာပါ။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြို့ခံအမျိုးသား တစ်ဦးကတော့ သူ့အိမ်အနီးကိုကျရောက်လာတဲ့ လက်နက် ကြီးကြောင့် သူ့ရဲ့ နှစ်နှစ်ကျော်အရွယ် သမီးလေး ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့ အိမ်ဘေးနာက တရုတ်အိမ်ပေါ့ ဒီတရုတ်အိမ်မှာ လာကျလို့လေ။ ကလေးနဲ့ သူ့ဦးလေးတို့က အဲမှာ သွားလိုက်တာလေ ရှောင်ရင်းနဲ့ဖြစ်သွားတာပေါ့။ ဖြစ်တာက ကျွန်တော်တို့ ရွာအောက်မှာ ဖြစ်တာ ပေါ့နော်၊ အဲအချိန်မှာသူတို့က ပစ်ကြတာပေါ့။ အဲအချိန်မှာ ဟိုက ပြန်ပစ်တာပေါ့။ ဘယ်ဘက်ကလာလဲ ဆိုတာ ကျွန်တော်တို့ မသိဘူး ထွက်လည်းမထွက်ရဲဘူး အဲအချိန်မှာ။ ကလေးက သူက နည်းနည်းတော့ သတိရနေတယ် ဒါပေမဲ့ သူက ခေါင်းမှာ ဦးနှောက်ပဲ ထိသွားလား မသိဘူး အဲလိုဖြစ်နေတယ်။ မန္တလေး ဆေးရုံ ခေါ်သွားမလို့”

ထိခိုက်ဒဏ်ရာရသူ ခြောက်ဦးထဲက အသက် နှစ်နှစ်ကျော်အရွယ် မရန်ရှန်ငမ်၊ အသက် ၆၀ အရွယ် ဦးရန်ကျုံး၊ ကိုယ်ဝန်ရှစ်လရှိတဲ့ အသက် ၂၅ နှစ် အရွယ် ဦးကျန်ကျုံးရဲ့ချွေးမတို့ဟာ ဒဏ်ရာပြင်းထန်တဲ့အတွက် မူဆယ် ဆေးရုံကို မနေ့ ညပိုင်းက ပို့ဆောင်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။

"ဒုက္ခသည်က မနေ့က ည ၇ နာရီလောက်အထိ တရုတ်နယ်စပ် ခြံစည်းရိုးနာမှာ သွားပုန်းနေရတယ်"

ဦးရန်ကျုံးကတော့ အဆုတ်မှာ ထိခိုက်ဒဏ်ရာရထားပြီး ချွေးမဖြစ်သူ ကိုယ်ဝန်ဆောင် အမျိုးသမီးကတော့ ပေါင်မှာထိခိုက်ဒဏ်ရာ ရရှိခဲ့ကြတာပါ။

အဲဒီအထဲက အသက် နှစ်နှစ်ကျော်အရွယ် ကလေးကတော့ ဒဏ်ရာပြင်းထန်တဲ့အတွက် မူဆယ်ဆေးရုံကနေ မန္တလေးဆေးရုံကို ဒီကနေ့ ပို့ဆောင်လိုက်ရတယ်လို့ ကလေးရဲ့ဖခင်က ပြောပါတယ်။

မနေ့က မုံးကိုးမှာကျန်ခဲ့တဲ့ နောက်ထပ် နှစ်နှစ်အရွယ် ကလေးငယ် တစ်ဦး အပါအဝင် သုံးဦးကိုလည်း ဒီနေ့ နေ့လယ်ပိုင်းမှာ မုံးကိုးဆေးရုံကနေ မူဆယ်ဆေးရုံကို ပို့ဆောင်လိုက်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

“အခု မူဆယ်မှာက ဒဏ်ရာဖြစ်သွားတာက နှစ်ယောက်၊ နောက်သုံးယောက်က ဒဏ်ရာတော့ နည်းနည်း ဖြစ်သွားတယ် အဲလောက်ထိ မဟုတ်ဘူး။ ပြီးတော့ မန္တလေးမှာ ဒီမနက် တစ်ယောက် သွားလိုက်သေး တယ်။ ခါးမှာနည်းနည်းထိတယ် ခါးနာတယ်ပြောလို့လေ မူဆယ် ဆင်းသွားကြည့်မယ်လို့ နောက်ဆိုအဆင် မပြေမှာစိုးလို့ လာပြလိုက်တာ အကုန်လုံး မူဆယ်မှာပဲ။ မန္တလေးရောက်တဲ့ ကလေးမက သတိတော့ရပြီ ညီမတို့ ပြောရင်သူနားလည်တယ် ဒါပေမဲ့ ဘာမှပြန်ပြောလို့မရဘူး အဲလိုဖြစ်နေလို့။ မနေ့ကဆို မိုးလည်း ချုပ်တယ် မနေ့ကဆို ဒီမူဆယ်က ဆေးရုံက တစ်ခါတည်း ဓါတ်မှန်ရိုက်ထဲကနေ တစ်ခါတည်းကြည့်ပြီး မန္တလေးဆင်းတော့တဲ့ တစ်ခါတည်း အဲလိုပြောလိုက်တာ”

မနေ့က တိုက်ပွဲကြောင့် မုံးကိုးမြို့ပေါ်က အိမ်ထောင် စု ၇၄ စု၊ လူဦးရေ ၄၁၀ ဟာ တရုတ်နယ်စပ် ခြံစည်းရိုးနားမှာ ခိုလှုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖုန်းလိုင်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် ဒုက္ခသည်တွေရဲ့ လက်ရှိအခြေအနေကို မသိရသေးဘူးလို့ ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဒုက္ခသည်က မနေ့က ည ၇ နာရီလောက်အထိ တရုတ်နယ်စပ် ခြံစည်းရိုးနာမှာ သွားပုန်းနေရတယ်။ ၇ နာရီကျမှ ထမင်းတွေဘာတွေ အဲမှာချက်စားတယ်။ မနေ့ကဖြစ်တာ မုံးကိုး ရပ်ကွက် ၆ မှာ ဟိုမှာနေလို့ အဆင်မပြေလို့ နယ်စပ်ခြံစည်းရိုးဘေးမှာ သွားကပ်နေတယ်။ အိမ်ထောင်စု ၇၄ စု လူဦးရေ ၄၁၀ ပတ် ဝန်းကျင်ရှိတယ်။ နယ်စည်းရေချောင်း ကမ်းဘေးမှာပဲ။ ဖိုင်ကောင်းကလည်း အရင်တိုင်းပဲ ရှိသေးတယ်။ တချို့လည်း တိုးလာတယ် ပြောတယ်။ စစ်ရေးလှုပ်ရှားတာတွေရှိတော့ စိုးရိမ်ပြီတော့မှ ဒုက္ခသည် အနေနဲ့ နယ်စပ်ဘေးနေရာတွေ ဘာတွေမှာ ပြင်ပြီးလုပ်နေကြတယ် ပြောတယ်”

နယ်စပ်ခြံစည်းရုံးအနီးမှာရှိတဲ့ တရုတ်အာဏာပိုင်တွေဘက်ကလည်း ခြံစည်းရိုးအနီးကို ကပ်မလာကြဖို့ လော်စပီကာတွေနဲ့ သတိပေးနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

မနေ့က တိုက်ပွဲနဲ့ပတ်သက်လို့ ကိုးကန့်တပ်ဖွဲ့ MNDAA ပြောရေးဆိုခွင့်ရှိသူတွေကို RFA က မေးမြန်းရာ မှာတော့ တိုက်ပွဲအခြေအနေ အသးစိတ်ကို မသိရှိရသေးကြောင်း ပြန်လည်ဖြေကြားပါတယ်။

မနေ့က တိုက်ပွဲနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ် မေးမြန်းရာမှာလည်း အကြောင်းမပြန်သေးပါဘူး။

shan-refugees.jpg
(မုံးကိုးမြို့နယ်အတွင်း စစ်ကောင်စီနဲ့ ကိုးကန့်တပ်ဖွဲ့ တိုက်ပွဲကြောင့် ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်တွေကို ၂၀၂၁ အောက်တိုဘာ ၁၂ ရက်နေ့က တွေ့ရစဉ် - Photo: Eddy shiga)

တရုတ်၊ မြန်မာနယ်စပ် မုံးကိုးနဲ့ ပန်ဆိုင်းမြို့နယ်ခွဲဒေသတွေမှာ ပြီးခဲ့တဲ့ သြဂုတ်လဆန်းပိုင်းကစပြီး စစ်ကောင်စီနဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA တပ်တွေ တိုက်ပွဲတွေ ပြန်ဖြစ်လာခဲ့တာပါ။ တိုက်ပွဲအတွင်း နှစ်ဖက်သေဆုံး ထိခိုက်ဒဏ်ရာရသူ ၁၀ ဦးထက်မနည်းရှိခဲ့ကြောင်း နှစ်ဖက်တပ်တွေက ထုတ်ပြန်ထား ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၉ ရက်နေ့ ကလည်း မုံးကိုးမြို့နယ်အတွင်း စစ်ကောင်စီနဲ့ ကိုးကန့်တပ်ဖွဲ့ တိုက်ပွဲကြောင့် နမ့်ဟာကျေးရွာက နေအိမ်တစ်လုံးပေါ် လက်နက်ကြီးကျခဲ့လို့ အရပ်သား လေးဦး သေဆုံးခဲ့ပါတယ်။

အဲဒီတိုက်ပွဲတွေကြောင့် ပန်ဆိုင်းမြို့နယ်ခွဲ ဖိုင်းကောင်းနဲ့ ကောင်စထီးကျေးရွာတွေက ဒေသခံ ၁၄၀၀ ကျော် ဟာ ဖိုင်းကောင်းနဲ့ တရုတ်နယ်စပ် ခြံစည်းရိုးနားမှာ နေထိုင်နေကြရဆဲဖြစ်သလို မုံးကိုးမြို့ပေါ်မှာလည်း ကောင်းလုံ နမ့်ဟာကျေးရွာ အပါအဝင် အနီးအနားကျေးရွာတွေက ဒေသခံ ၇၀၀ ကျော် ထွက်ပြေးခိုလှုံ နေကြရပါတယ်။

မုံးကိုးနဲ့ ဆယ်မိုင်ကျော်အကွာမှာရှိတဲ့ ဖောင်းဆိုင်ကျေးရွာက လူဦးရေ ၂၀၀ ဝန်းကျင်ဟာလည်း တရုတ် နယ်စပ် ခြံစည်းရိုးတွေအနီးမှာ ထွက်ပြေးနေရဆဲဖြစ်ပြီး မနေ့က တိုက်ပွဲကြောင့် လူဦးရေ လေးရာကျော် ထပ်မံထွက်ပြေးနေရတဲ့အတွက် မုံးကိုးမြို့နယ်အတွင်းက တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ ၃၀၀၀ နီးပါး ရှိနေပါတယ်။