နောင်ချို တောင်ခမ်းရွာတိုက်ပွဲ ဆက်လက်ပြင်းထန်နေ
2024.09.11
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အတွင်းက တောင်ခမ်းကျေးရွာအနီးမှာ ပြီးခဲ့တဲ့ ဇူလိုင်လကစလို့ ဒီနေ့အထိ စစ်ကောင်စီနဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ပူးပေါင်းတပ်တွေ တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ မြို့ခံတွေက RFA ကို ပြောပါတယ်။
TNLA နဲ့ ပူးပေါင်းတပ်တွေက တောင်ခမ်းကျေးရွာအနီးမှာ အခြေစိုက်ထားတဲ့ အမြောက်တပ်ရင်း (၂၀၆) နဲ့ (၄၀၆) တို့ကို ဩဂုတ်လ ၂၉ ရက်နေ့နဲ့ အမြောက်စခန်းကွပ်ကဲမှု ဌာနချုပ် အမှတ် (၉၀၂) ကို စက်တင်ဘာလ ၄ ရက်နေ့က သိမ်းပိုက်ထားပါတယ်။ အဲဒီနောက် နောက်ဆုံးကျန်ရှိနေသေးတဲ့ အမြောက်တပ်ရင်း (၃၅၄) အနီးမှာ တိုက်ပွဲတွေ ဆက်ပြင်းထန်နေတာလို့ ဆိုပါတယ်။
စစ်ကောင်စီဘက်က တောင်ခမ်းကျေးရွာမှာ ကျန်ရှိနေတဲ့ အမြောက်တပ်ရင်းကို လက်မလွှတ်ရဖို့အတွက် အင်အားရာနဲ့ချီတဲ့ စစ်ကူတွေ ပို့ပေးနေတယ်လို့ နောင်ချိုက အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ရပ်စောက်- ကျောက်ဂူလမ်းကနေ စစ်သားတွေ စစ်ကူလာတာရှိတယ်။ Y-12 နဲ့ ရိက္ခာနဲ့ စစ်လက်နက်တွေ လာချပေးတာလည်းရှိတယ်။ ဘန့်ဘွေးမှာရှိတဲ့ စစ်ကောင်စီစခန်းကလည်း လက်နက်ကြီး ပစ်ကူသလို။ လေကြောင်းကနေလည်း ပစ်တာရှိတယ်။ မနေ့ညကအထိ အသံက ကြားနေရတုန်းပဲ"
အမြောက်တပ်ရင်း သုံးခုနဲ့ အမြောက်စခန်းကွပ်ကဲမှု ဌာနချုပ် တစ်ခုအခြေစိုက်တဲ့ တောင်ခမ်းရွာဟာ စစ်ကောင်စီအတွက် စစ်ရေးအရ အရေးပါပြီး ဒီစခန်းတွေကို လက်လွှတ်ဆုံးရှုံးရရင် တိုက်ပွဲတွေဟာ ရှမ်းတောင်နဲ့ ပြင်ဦးလွင်မြို့ပေါ်အထိ ရောက်လာနိုင်တယ်လို့ သူက ဆိုပါတယ်။
နှစ်ဖက်တိုက်ပွဲတွေမှာ စစ်ကောင်စီနဲ့ TNLA ပူးပေါင်းတပ်တွေ ထိခိုက်သေဆုံးတာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပေမဲ့ နှစ်ဖက်စလုံးက သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
စက်တင်ဘာ ၁၁ ရက်နေ့ကလည်း နောင်ချိုမြို့နယ်အတွင်းကို စစ်ကောင်စီပစ်ခတ်ခဲ့တဲ့ လက်နက်ကြီး ဆယ်လုံးထက်မနည်း ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ ဒါပေမဲ့ ပြည်သူတွေ ထိခိုက်ဒဏ်ရာတာမျိုး မရှိပါဘူး။
ဒီတိုက်ပွဲနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်နဲ့ TNLA က ပြောခွင့်ရသူ လွေးယေဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိသေးပါဘူး။
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ PDF ပူးပေါင်းတပ်တွေက နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်စတဲ့မြို့နယ်တွေကို သိမ်းပိုက်ထားပါတယ်။