ဦးဖြိုးဇေယျာသော်နဲ့ ဦးဂျင်မီကို ကွပ်မျက်မိန့် အတည်ပြုလိုက်ကြောင်း စစ်ကောင်စီပြော

NLD လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်နဲ့ ၈၈ မျိုးဆက်ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးဂျင်မီအပါအဝင် လေးဦး ချမှတ်ခံထားရတဲ့ သေဒဏ်အမိန့်ကို အတည်ပြု ခွင့်ပြုလိုက်တယ်လို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက RFA ကို ဒီနေ့ ပြောပါတယ်။

လုပ်ထုံးလုပ်နည်းတွေအရ အားလုံးဆောင်ရွက်ပြီးဖြစ်တာကြောင့် နောက်ဆုံး သေဒဏ် အတည်ပြုချက်အတိုင်း ကွပ်မျက်မယ့်ကိစ္စကို အကျဉ်းထောင်လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

“ဇန်နဝါရီလ ၂၁ ရက်နေ့က တရားရုံးကနေ သေဒဏ်ချမှတ်လိုက်ပြီးဖြစ်တယ်။ သေဒဏ် ချမှတ်လိုက်ပြီးရင် လုပ်ထုံးလုပ်နည်းတွေအရ ဆက်လက်ဆောင်ရွက်ရတဲ့လုပ်ငန်းစဉ် တွေရှိတယ်။ ပြင်ဆင်မှုတင်ရတယ်။ ပြင်ဆင်မှုကို ပလပ်လိုက်ပြီဆိုရင် အသနားခံစာ တင်ရတယ်။ အသနားခံစာကိုလည်း ပလပ်ပြီး သေဒဏ်ကို အတည်ပြုလိုက်ပြီဆိုရင် တော့ သေဒဏ်ကို ဆက်လက်အကောင်အထည်ဖော်မှာဖြစ်တယ်။ ဒါတွေကတော့ အားလုံးပြီးစီးပြီးဖြစ်ပါတယ်။ ဒါကြောင့် သေဒဏ်ကို ကျနော်တို့ အတည်ပြုပြီးဖြစ်တယ်။ လုပ်ထုံးလုပ်နည်းနဲ့ အညီ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”

သူတို့ရဲ့ အယူခံနဲ့ အသနားခံမှုတွေ ပယ်ချခံခဲ့ရပြီးနောက် သေဒဏ်ကို နောက်ဆုံးအတည် ပြုလိုက်တာလို့လည်း ဆိုပါတယ်။

ဦးဖြိုးဇေယျာသော်နဲ့ ဦးဂျင်မီတို့ နှစ်ဦးဟာ CRPH၊ NUG စတဲ့ အဖွဲ့အစည်းတွေနဲ့ ဆက် သွယ်ပြီး အကြမ်းဖက် မှုတွေ ဆောင်ရွက်ခဲ့တယ်၊ သူတို့ကို လက်နက်ခဲယမ်းတွေနဲ့ ဖမ်းဆီးရရှိခဲ့တယ်ဆိုပြီး စစ်ကောင်စီက ထုတ်ပြန်ခဲ့ တာပါ။

ဒီလုပ်ဆောင်ချက်တွေကြောင့် သူတို့နှစ်ဦးဟာ အကြမ်းဖက်တိုက်ဖျက်မှု ဥပဒေပုဒ်မ-၄၉ (က)၊ ၅၀ (ဈ)၊ ၅၀ (ည) နဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့က စစ်ခုံရုံးက သေဒဏ်ချမှတ် ခံထားရတာပါ။

သေဒဏ်အတည်ပြုခံရတဲ့ ကျန်နှစ်ဦးကတော့ လှိုင်သာယာမြို့နယ်မှာ လူသတ်မှု ကျူးလွန် ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သေဒဏ်ချမှတ်ခံထားရတဲ့ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော် တို့ ဖြစ်ပါတယ်။

ရန်ကုန်မြို့က ဥပဒေပညာရှင်တစ်ဦးကတော့ စစ်ခုံရုံးက ချမှတ်တဲ့ သေဒဏ်အမိန့်ဖြစ်လို့ ကွပ်မျက်မယ့်ကိစ္စကို တိုင်းမှူးကပဲ နောက်ဆုံးအတည်ပြုရတာလို့ ပြောပါတယ်။

“ယာယီသမ္မတကပါ ပယ်လိုက်ပြီဆိုရင်တော့ စစ်တိုင်းမှူးက သေဒဏ်အမိန့်ကို အတည် ပြုပေးရတယ်။ စစ်ခုံရုံးကနေ သေ ဒဏ်အမိန့်ပဲ ချတာ။ နောက်ထပ် အသနားခံစာတွေ၊ အယူခံတွေ ကုန်ဆုံးသွားပြီဆိုရင် သေဒဏ်အတည်ပြုမိန့် တစ်နည်းအားဖြင့် ကြိုးပေး ကွပ်မျက်အမိန့်ကို တိုင်းမှူးက အတည်ပြုရတယ်။ စစ်ခုံရုံး ဥက္ကဋ္ဌနဲ့ အကျဉ်းထောင် အာဏာပိုင်တို့ ညှိနှိုင်းပြီးတော့ ကြိုးပေးခံရမယ့် ပုဂ္ဂိုလ်တွေကို ဘယ်နေ့ဘယ်ရက်မှာ ကြိုးပေးမယ်ဆိုတာကို ဆက်လုပ်ရပါတယ်”

သေဒဏ်အမိန့် အတည်ပြုပြီးပြီးနောက် ကွပ်မျက်မယ့်ကိစ္စကို တစ်လ ဒါမှမဟုတ် တစ်လခွဲ အတွင်းမှာ ဆက်လက်ဆောင်ရွက်လေ့ရှိတယ်လို့ သူက ရှင်းပြပါတယ်။

NLD ပါတီက စမ်းချောင်းမြို့နယ် ဥက္ကဋ္ဌ ဦးဘိုဘိုဦးကတော့ လက်ရှိ စစ်ကောင်စီဟာ တရားဝင် အစိုးရ မဟုတ်တဲ့အတွက် သူ့မှာ ဒီလိုမျိုး လုပ်ပိုင်ခွင့် မရှိဘူးလို့ တုံ့ပြန်ပါတယ်။

“ဥပဒေကြောင်းအရ ဒီလိုမျိုး လုပ်လို့ မရဘူးဗျ။ အကျဉ်းရုံး တရားစီရင်တယ်။ အများ ပြည်သူရှေ့မှာ တရားစီရင်ရေးလည်း မဟုတ်ခဲ့ဘူးဗျ။ နိုင်ငံတကာ ဥပဒေအရလည်း ဒီလို De facto အစိုးရကနေပြီးတော့ ကြိုးပေး ကွပ်မျက်လို့ မရဘူး။ ဒီ စစ်ကောင်စီအနေနဲ့ ဒီလိုကိစ္စမျိုးတွေကို ဘယ်လိုမှ လုပ်ပိုင်ခွင့်မရှိဘူး ဆိုတာကို ပြောချင်တယ်”

စစ်ကောင်စီကထုတ်ပြန်တဲ့ အချက်အလက်တွေအရ စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း သေဒဏ်ချမှတ်ခံ ထားရတဲ့သူ မေလအထိ ၁၁၄ ဦးအထိ ရှိနေပါတယ်။

အဲဒီအထဲမှာ စစ်တပ်အာဏာသိမ်းတာကို ကန့်ကွက်ဆန္ဒပြတဲ့ သပိတ်ခေါင်းဆောင်တွေ၊ NUG၊ CRPH၊ PDF နဲ့ ဆက်စပ် တယ်ဆိုပြီး ဖမ်းဆီးခံရသူတွေ၊ တိုင်းရင်းသားနယ်မြေ တွေမှာ လက်နက်ကိုင်သင်တန်း တက်ရောက်ခဲ့ တယ်လို့ စွပ်စွဲ ဖမ်းဆီးခံရသူတွေအပြင် ရပ်ကျေးအုပ်ချုပ်ရေးမှူးနဲ့ စစ်တပ်သတင်းပေးတွေကို သတ်ဖြတ်ခဲ့တယ်လို့ စွပ်စွဲခံထား ရသူတွေ ပါဝင်ပါတယ်။

သူတို့အားလုံးဟာ ဥပဒေအရ ခုခံကာကွယ်ခွင့်မရဘဲ ထောင်တွင်းစစ်ခုံရုံးကနေ တိုက်ရိုက် အမိန့် ချခံထားရတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်တဲ့ အာဏာသိမ်းစစ်ကောင်စီ တဖြစ်လဲ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်မှာ ကြိုးပေးကွပ်မျက်တာတွေ ရှိခဲ့ပေမယ့် ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံ နောက်ပိုင်း အစိုးရအဆက်ဆက် လက်ထက်မှာ သေဒဏ်ကို လက်တွေ့ကျင့်သုံးတာ မရှိသေးပါဘူး။

(၂၀၂၂ ဇွန်လ ၈ ရက် ၁၁ နာရီ ၁၅ မိနစ်တွင် ဖြည့်စွက်ပြင်ဆင် ရေးသားထားသည်။)