တပ်တွင်းအာဏာသိမ်းမှုမရှိကြောင်း စစ်ကောင်စီ တုံ့ပြန်

RFA Burmese
2024.08.14
တပ်တွင်းအာဏာသိမ်းမှုမရှိကြောင်း စစ်ကောင်စီ တုံ့ပြန် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့က ကျင်းပသည့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီအစည်းအဝေးတွင် တွေ့ရစဉ်။
Myanmar Military

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ရာထူးကနေဖယ်ရှားဖို့ စစ်ကောင်စီတပ်ထောက်ခံသူတွေက ပြောနေချိန်မှာပဲ ဩဂုတ်လ ၁၃ ရက် မနေ့ညပိုင်းက လူမှုကွန်ရက် စာမျက်နှာတွေမှာ ပျံ့နှံ့ခဲ့တဲ့ တပ်တွင်းအာဏာသိမ်းမှုဖြစ်စဉ် မရှိကြောင်း စစ်ကောင်စီရဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

စစ်ကောင်စီရဲ့ တပ်မတော် သတင်းမှန်ပြန်ကြားရေးက ပြည်တွင်းမီဒီယာတစ်ခုရဲ့ မေးမြန်းမှုကို ဩဂုတ်လ ၁၄ ရက် ဒီကနေ့ မနက်ပိုင်းမှာ ပြန်လည်ဖြေကြားခဲ့တာလည်း ဖြစ်ပါတယ်။

တပ်တွင်းအာဏာသိမ်းမှု အခြေအနေကို Captain Seagull အမည်ရှိ လူမှုကွန်ရက်စာမျက်နှာကနေ ဩဂုတ်လ ၁၂ ရက် ညပိုင်းကတည်းက စတင်ဖြန့်ဝေခဲ့တာလို့ ဆိုပါတယ်။

Captain Seagull ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာတော့ ထပ်ဆင့်အာဏာသိမ်းမှုဖြစ်ခဲ့ပြီး စစ်ဘက်လက်ထောက် ဗိုလ်ချုပ်တစ်ဦးက ကြံစည်ခဲ့တာလို့ ဩဂုတ်လ ၁၂ ရက်နေ့ ညပိုင်းမှာ ရေးသားခဲ့တာပါ။

ဒီဖြစ်စဉ်တွေဟာ တိုင်းပြည်တည်ငြိမ်အေးချမ်းတာကို ပျက်ပြားစေဖို့အတွက် မဟုတ်မှန်တဲ့ ကောလာဟလတွေကို အကောင့်တုတွေကနေ ဝါဒဖြန့်နေတာလို့ စစ်ကောင်စီက တုံ့ပြန်ပါတယ်။

စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် စစ်ဘက်ဆိုင်ရာတာဝန်ရှိသူတွေဟာ တာဝန်တွေကို ပုံမှန်ထမ်းဆောင်နေတယ်လို့လည်း ဆိုပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်တပ်အရာရှိဟောင်းတစ်ဦးကတော့ လူထုအကြား စစ်တပ်ပြိုကွဲတယ်ဆိုတဲ့ သတင်းအမှားနဲ့ လူမှုရေး၊ နိုင်ငံရေး မတည်ငြိမ်အောင် ဝါဒဖြန့်နေတာလို့ RFA ကို ပြောပါတယ်။

"စစ်တပ်ကို ပြိုကွဲတယ်၊ အပြန်အလှန် အာဏာသိမ်းတယ်ဆိုပြီး မျှော်လင့်ချက် အမှားတွေ ပေးကြတာပေါ့။ တကယ်တော့ လက်ရှိအခြေအနေ နိုင်ငံရေးရေချိန်က ပွိုင့်တစ်ပွိုင့်မှာ ရှိနေတယ်။ ဒါပေမဲ့ စစ်တပ်က နှစ်ပေါင်းများစွာ တည်ဆောက်လာတာ ပြိုကွဲဖို့က သုံးနှစ်ကျော်လောက်နဲ့ မဖြစ်နိုင်သေးဘူးဗျ"

စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဩဂုတ်လ ၁၄ ရက် ဒီကနေ့မှာပဲ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ တွေ့ဆုံဖို့ရှိနေပါတယ်။

စစ်ကောင်စီတပ်ဟာ အာဏာသိမ်း သုံးနှစ်အတွင်း လားရှိုးမြို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို လက်လွှတ်ခဲ့ပြီး နိုင်ငံတစ်ဝန်း စစ်ရေးဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။