စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် လေးလအတွင်း အရပ်သား ၃၈ ဦး သေဆုံး

RFA Burmese
2024.11.20
စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် လေးလအတွင်း အရပ်သား ၃၈ ဦး သေဆုံး စစ်ကောင်စီ ပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အအုံတစ်လုံးအား ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၄ ရက်နေ့က တွေ့ရစဉ်။
Facebook/Karen National Union

စစ်ကောင်စီတပ်ရဲ့ ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် ၂၀၂၄ ခုနှစ် ဇွန်လကနေ စက်တင်ဘာလအထိ လေးလအတွင်း ကလေးနဲ့ အမျိုးသမီးတွေ အပါအဝင် အရပ်သား ၃၈ ဦးသေဆုံးပြီး ဒဏ်ရာရသူ ခုနစ်ဆယ်အထိ ရှိခဲ့တယ်လို့ အရပ်ဖက်အဖွဲ့တစ်ခုဖြစ်တဲ့ သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့က နိုဝင်ဘာလ ၁၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

လေးလအတွင်း ဒရုန်းတိုက်ခိုက်မှု ၉၈ ကြိမ်လုပ်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုတွေကြောင့် ဘာသာရေးအဆောက်အအုံ ငါး ခု၊ ဆေးရုံ ဆေးခန်း နှစ်ခု၊ စာသင်ကျောင်း တစ်ကျောင်းနဲ့ နေအိမ် ၃၂ လုံး ပျက်စီးတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ကို ကာကွယ်ရေးတပ်ဖွဲ့တွေကသာ ဒရုန်းအသုံးပြု တိုက်ခိုက်တာတွေ လုပ်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ စစ်ကောင်စီတပ်ကလည်း ဒရုန်းကို အသုံးပြုလာပြီး တန်ပြန်တိုက်ခိုက်တာတွေ တိုးလုပ်လာတယ်လို့ စစ်ကိုင်းတိုင်း အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

နိုဝင်ဘာလ ၁၈ ရက်နေ့က စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပိုင်းကို စစ်ကောင်စီတပ်က ဒရုန်းနဲ့တိုက်ခိုက်တာကြောင့် ခရီးသွားကား ထိမှန်ခဲ့ပြီး ဘုန်းကြီးတစ်ပါး ပျံလွန်တော်မူခဲ့တဲ့အပြင် အမျိုးသား နှစ်ဦး၊ အမျိုးသမီး တစ်ဦး သေဆုံးပြီး ခရီးသည် ဆယ်ဦး ဒဏ်ရရသွားတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ က ထုတ်ပြန်ထားပါတယ်။

ဒီပြောဆိုချက်တွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ဒရုန်းနဲ့တိုက်ခိုက်မှုတွေအပြင် ဒီလေးလအတွင်းမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့်လည်း အရပ်သား ၅၄၃ ဦးသေဆုံးပြီး ဒဏ်ရာရသူ ၈၂၇ ဦး ရှိခဲ့တယ်လို့ သွေးစွန်းငွေ ဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။