ကလေးမြို့နယ်မှာ ဒရုန်းဗုံးကြောင့် ဒေသခံ တစ်ဦးသေဆုံး
2024.07.07
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်း နန်းချောင်းရွာကို ဇူလိုင်လ ၆ ရက်နေ့မှာ စစ်ကောင်စီတ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ အဲဒီရွာခံတွေက ပြောပါတယ်။
အောင်မြင်သာရွာ အခြေစိုက် စစ်ကောင်စီတပ်က တစ်မိုင်ကျော်အကွာမှာရှိတဲ့ နန်းချောင်းရွာကို ဒရုန်းနဲ့ ဗုံးကြဲခဲ့တာကြောင့် အသက် ၃၈ နှစ်အရွယ် ဦးဇော်မင်းထွန်း (ခ) မောင်ဇော်ဆိုသူ ဒဏ်ရာရခဲ့ပြီး ဆေးရုံကို ပို့ဆောင်ချိန် လမ်းမှာသေဆုံးခဲ့တာလို့ ဆိုပါတယ်။
ဒေသခံတွေ ရွာထဲကိုခဏဝင်ရောက်နေချိန် အခုလို ဗုံးကြဲခံရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကလေး ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“အဲဒီနားတစ်ဝိုက်ရွာတွေက ဒေသခံတွေက မရှိသလောက်ပဲ။ ဒီနှစ်ထဲမှာ အဲဒီနားတစ်ဝိုက်က တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ နေရာပေါ့။ ဒေသခံတွေလည်း ရွာမှာမနေရဲကြဘူး။ ဝင်လိုက်၊ ထွက်လိုက်ပဲ။ မနေ့ကလည်း အဲဒီလို ဖြစ်သွားတာ။ ဒရုန်းလွှတ်တဲ့အချိန်နဲ့ ရွာထဲမှာလူရှိနေတဲ့အချိန် ကွတ်တိဖြစ်သွားတာပေါ့"
နန်းချောင်းရွာကို စစ်ကောင်စီတပ်က အခုနှစ် ဧပြီလအတွင်းမှာ ရွာလုံကျွတ်မီးရှို့ခဲ့တာကြောင့် ဒေသခံတွေဟာ ဘေးလွတ်ရာမှာပဲ အခုထိခိုလှုံနေရပြီး ဒေသခံတချို့သာ ရွာကိုခဏပြန်ဝင်တာရှိတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ ကလေးမြောက်ပိုင်းက ရွာတွေဘက်ကို မြေပြင်ကနေ စစ်ကြောင်းထိုးတာမျိုး သိပ်မလုပ်တော့ဘဲ ဒရုန်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေသာ ပိုလုပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီအပေါ်တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ဇွန်လ ၂၀ ရက်နေ့ကလည်း ကလေးမြို့နယ်တောင်ပိုင်း တင်သားရွာကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ကလေးသုံးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။