ဒီးမော့ဆိုက ခရစ်ယာန်ဘုရားကျောင်းတွေကို စစ်ကောင်စီပစ်ခတ်

ကယားပြည်နယ် ဒီးမော့ဆိုနဲ့ ရှမ်းပြည်နယ် မိုးဗြဲမြို့တွေမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် ( KNDF ) တပ်ဖွဲ့တွေ ဒီကနေ့ တိုက်ပွဲတွေပြင်းထန်နေပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ဒီးမော့ဆိုမှာ KNDF တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးသွားတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု - PKPF က ကနဦး သတင်းထုတ်ပြန်ပါတယ်။

မိုးဗြဲမြို့မှာတော့ လက်နက်ကျည်ထိမှန်လို့ ဒေသခံ သုံးယောက် ဒဏ်ရာရထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေက ဒီးမော့ဆိုမြို့နယ်ထဲက ဒေါငံခါး ခရစ်ယာန်ဘုရားဘုရားကျောင်းကို လက်နက်ကြီး တွေနဲ့ ပစ်ခတ်နေသလို၊ နေအိမ်တွေကိုလည်း မီးရှို့ကြတာတွေကြောင့် ပြန်ခုခံရတာဖြစ်တယ်လို့ KNDF တပ်ဖွဲ့ဝင် တစ်ယောက်က RFA ကို ပြောပါတယ်။

"ဒီနေ့မနက် ၆ နာရီခွဲကနေစပြီးတော့ ပစ်တယ်။ နေ့လယ် ၁၁ နာရီလောက်မှာတော့ ခဏငြိမ်သွားတယ်။ နှစ်ဘက်ကျဆုံးမှုတွေကိုတော့ စာရင်းအတိအကျ မသိရသေးဘူး။ သူတို့က ဒေါငံခါးထဲကို ထိုးစစ်ဝင်လာလို့ ကျွန်တော်တို့က ပြန်ပြီးခုခံတိုက်ထုတ်တဲ့ အနေအထားဖြစ်တယ်။ တပ်ဘက်က နေအိမ်တွေမီးရှို့တယ်။ ခုထိ လောင်နေတုန်း။ ခုလက်ရှိသိရသလောက်ဆိုရင် နေအိမ် သုံးလုံးလောက် ပါသွားပြီ။ အဓိကတော့ ဒေါငံခါးမှာရှိတဲ့ ဘုရားကျောင်းကို လှမ်းထုတာရှိတယ်။ ကတ်သလစ်ကျောင်းနဲ့ ဒီးမော့ဆို ဈေးထဲမှာရှိတဲ့ နှစ်ခြင်းဘုန်းကြီးကျောင်းကိုလည်း တပ်စွဲထားတာရှိတယ်။ မနေ့ကဆိုလည်း ပြန်လှန်ပစ်ခတ်ရင်းနဲ့ ဘုရားကျောင်းတို့ကို ပစ်ခတ်တာရှိတယ်"

ကယားပြည်နယ်မှာ လူနေအိမ်တွေ၊ ဘုရားကျောင်းတွေ၊ မြို့ရွာတွေကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက အကာကွယ်ယူတိုက်ခိုက်နေတာတွေကို ချေမှုန်းမယ်လို့ စစ်ကောင်စီက ကြေညာခဲ့ပြီးနောက် စစ်ကောင်စီ ဘက်က ပစ်ခတ်တာတွေဟာ အခုလို ပေါ်ပေါ်ထင်ထင် လုပ်လာနေတာလို့ ဒေသခံတွေက ပြောပါတယ်။

"တပ်ဘက်က နေအိမ်တွေမီးရှို့တယ်။ ခုထိ လောင်နေတုန်း"

ဒီးမော့ဆိုမြို့ခံ ဦးပလန်က စစ်ကောင်စီတပ်တွေဟာ မနက်ကတည်းက ပစ်ခတ်နေတာ အချက် ၂၀၀ လောက်ရှိပြီး သူ့မြို့မှာ နေအိမ်တစ်လုံး မီးလောင်ခဲ့တယ်လို့ ပြောပါတယ်။

"အခြေအနေက အလုံးကြီး နှစ်ရာလောက်ရှိနေပြီ။ ထုလာတာ။ အဲဒါကို အိမ်တစ်လုံးထိသွားပြီး မီးလောင်တာ တွေ့တယ်။ လက်နက်ကြီးနဲ့ ထုတာ။ ဘုရားကျောင်းလည်း ထိတယ်။ အိမ်တစ်လုံးလည်း မီးလောင်သွားတယ်။ လူနေအိမ်တစ်လုံး လောင်သွားတယ်။ လူတွေ ထိခိုက်မှုက လောလောဆယ်တော့ မရှိသေးဘူး"

ရှမ်းပြည်နယ် မိုးဗြဲမြို့မှာလည်း ဒီနေ့မနက်က စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်တာကြောင့် ငွေတောင်ဘုန်းကြီးကျောင်းနဲ့ နေအိမ်တွေပေါ် ကျရောက်ပေါက်ကွဲပြီး ဒေသခံ သုံးယောက် ထိခိုက်ဒဏ်ရာ ရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကယားပြည်နယ်မှာ တိုက်ပွဲစဖြစ်ကတည်းက ဘာသာရေးဆိုင်ရာ ဘုရားကျောင်းတွေကို အကာအကွယ်ယူပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေ ခိုလှုံတာမျိုး မရှိတဲ့အကြောင်း၊ နိုင်ငံတကာ စစ်ဥပဒေတွေအရ စာသင်ကျောင်း၊ ဆေးရုံ၊ ဘာသာရေးဆိုင်ရာနယ်မြေတွေမှာ ခိုလှုံတာ တပ်စွဲတာမျိုးကို လုံးဝမလုပ်ဘူးလို့ ကရင်နီအမျိုးသား များကာကွယ်ရေးတပ် (KNDF) က တပ်ဖွဲ့ဝင်တွေ ပြောပါတယ်။

စစ်ကောင်စီတပ်တွေအနေနဲ့ အရပ်သားနဲ့ ရန်သူ သေချာခွဲခြားပြီးမှ ပစ်ဖို့လိုတဲ့အကြောင်း၊ အရပ်သားတွေ၊ သက်ကြီးရွယ်အိုတွေ၊ ကလေးတွေ စစ်ဘေးရှောင်ဖို့အတွက် ဘုရားကျောင်းတွေမှာ ခိုလှုံတတ်တာကို စစ်ကောင်စီတပ်တွေက ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားပစ်ခတ်တာတွေ မလုပ်သင့်ဘူးလို့ ဒေသခံတွေနဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ဝင် (KNDF) က ပြောကြပါတယ်။

KNDF အနေနဲ့ စစ်ကောင်စီတပ်တွေရဲ့ လှုပ်ရှားမှုပေါ်မူတည်ပြီး တိုက်ပွဲတွေ ပြင်းထန်တာရှိနိုင်သလို လျော့သွားတာလည်း ရှိနိုင်လို့ အဓိက စစ်ကောင်စီတပ်တွေပေါ်မှာ မူတည်တယ်တယ်လို့ ပြောကြပါတယ်။

demoso-house.JPG
(ကယားပြည်နယ် ဒီးမော့ဆိုက စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ပစ်ခတ်တာကြောင့် ပျက်စီးနေတဲ့ လူနေအိမ်ကို ၂၀၂၁ ဇွန် ၆ ရက်နေ့က တွေ့ရစဉ်)

ဒီးမော့ဆိုက ခရစ်ယာန်ဘုရားကျောင်းတွေကို စစ်ကောင်စီဘက်က ပစ်ခတ်တိုက်ခိုက်နေတယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို မေးမြန်းဖို့ RFA က ဖုန်းဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရပါဘူး။

ကယားပြည်နယ် ဒီးမော့ဆို၊ လွိုင်ကော်၊ ဖရူဆိုနဲ့ ရှမ်းပြည်နယ် မိုးဗြဲမြို့တွေမှာ မေလ ၂၁ ရက်နေ့က စတင်ပြီး စစ်ကောင်စီနဲ့ ကရင်နီခုခံကာကွယ်ရေး တပ်တွေအကြား တိုက်ပွဲတွေ ပြင်းထန်နေတာဖြစ်ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အယောက် ၁၇၀ ကျော် သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ၁၁ ဦးထက်မနည်းနဲ့ သာမန်အရပ်သား ၂၁ ယောက် သေဆုံးခဲ့တယ်လို့ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF)က ထုတ်ပြန်တဲ့စာရင်းတွေအရ သိရပါတယ်။ စစ်ကောင်စီဘက်ကတော့ ဒီတိုက်ပွဲအတွင်း အကျ အဆုံးစာရင်းကို ထုတ်ပြန်ထားတာ မရှိပါဘူး။

တိုက်ပွဲအတွင်းမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒုက္ခသည် တစ်သိန်းကျော်ရှိတယ်လို့ အကူအညီပေးရေး အဖွဲ့တွေက ပြောပါတယ်။

ဒီဒုက္ခသည်တွေအတွက် စားဝတ်နေရေး၊ ကျန်းမာရေး အထောက်အပံ့တွေ လိုနေပေမယ့် မေလကုန်ပိုင်း ကစပြီး ကယားပြည်နယ်ထဲကို စစ်ကောင်စီက ဝင်ရောက်ခွင့်ပိတ်ပင်လိုက်တာကြောင့် ပြည်မကနေ ကူညီမယ့်သူတွေ သွားရောက်ကူညီပေးနိုင်ဖို့ ခက်ခဲနေတယ်လို့ အရပ်ဘက် အဖွဲ့အစည်းတွေက ပြောကြ ပါတယ်။