စစ်ကောင်စီရဲ့ အင်အားတိုးချမှုကြောင့် ရခိုင်မှာ တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်ကြောင်း AA ပြော

နှစ်ဖက်နားလည်မှုနဲ့ တိုက်ပွဲတွေ ရပ်စဲနေတဲ့ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်က ရေငုပ်သင်္ဘော အပါအဝင် လက်နက်နဲ့ လူအင်အားတိုးချနေတာတွေကြောင့် နှစ်ဖက် ဆက်ဆံရေးအခြေအနေ ဆိုးဝါးနေပြီး စစ်ရေးအရ ထိပ်တိုက်တွေ့မှုတွေ ဖြစ်လာ နိုင်တယ်လို့ ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရသူ ခိုင်သုခက ပြောပါတယ်။

ရက္ခိုင့်တပ်တော် (AA) က အွန်လိုင်းကနေ ဇွန်လ ၁၄ ရက် ဒီနေ့ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ပြောဆိုခဲ့တာပါ။

ရေငုပ်သင်္ဘောအပြင် ရဟတ်ယာဉ်ကွင်းတွေပါတဲ့ စစ်သင်္ဘောကြီးတစ်စင်းနဲ့ တပ်သား တွေကို ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့က ကျောက်ဖြူမြို့နယ်ကို ပို့ဆောင်ခဲ့ပြီး အခုလို စစ်အင်အားတွေ တိုးချနေတာဟာ ရခိုင်မှာ တိုက်ပွဲပြန်ဖြစ်လာရင် ရှိသမျှအင်အားနဲ့ အေအေကို မီးကုန်ယမ်းကုန် တိုက်ခိုက်ဖို့ ပြင်ဆင်နေတာလို့ ခိုင်သုခက ပြောပါတယ်။

“အခု ကျနော်တို့ နှစ်ဖက်ကြားမှာ နားလည်မှုနဲ့ပဲ အပစ်အခတ်ရပ်စဲနေတာဖြစ်တယ်။ ဘာစာချုပ်၊ စာတမ်းတွေနဲ့ လုပ်ထားတာမရှိဘူး။ မြန်မာစစ်တပ်က အခုလို ရန်လိုတဲ့ အပြုအမူနဲ့ ပြည်သူတွေကို ဖိနှိပ်နေတာကိုတော့ ကျနော်တို့ လက်ပိုက်ကြည်နေ့မှာ မဟုတ်ဘူး။ အဲဒီ အပြုအမူတွေကြောင့်လည်း တိုက်ပွဲဘက်ကို ဦးတည် နေတာဖြစ်တယ်”

စစ်ကောင်စီတပ်ဟာ ကျောက်ဖြူ၊ တောင်ကုတ် စတဲ့ မြို့နယ်တွေမှာလည်း AA/ULA တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးဖို့ ရှာဖွေတာတွေနဲ့ အေအေရဲ့ တရားရုံးတွေမှာ အမှုလာရောက် တိုင်ကြားတဲ့ ပြည်သူတွေကို ခြိမ်းခြောက်နေတာတွေကြောင့်လည်း ပိုပြီး ဆက်ဆံရေး ဆိုးဝါးနေတာလို့လည်း သူက ဆိုပါတယ်။

တစ်ဖက်မှာလည်း စစ်ကောင်စီ ဒုဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းကိုယ်တိုင် စစ်တွေမြို့ကို ရောက်လာပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ တိုက်ပွဲဝင်ဖို့ အဆင်သင့်ရှိရမယ်လို့ ပြောပါတယ်။

“အမြဲလေ့ကျင့်နေရမည်။ အမြဲတမ်းစစ်ရေးသတိရှိရမည်။ အမြဲတမ်းတိုက်ပွဲဝင် အဆင်သင့်ဖြစ်ခြင်းတို့ဖြင့် မိမိတို့ တာဝန်ယူထားသည့် နယ်မြေကို တပ်ရင်း၊ တပ်ဖွဲ့အလိုက်၊ တပ်နယ်အလိုက် စနစ်တကျ ဆောင်ရွက်နေခြင်းဖြင့် ပြည်နယ် တစ်ခုလုံး လုံခြုံမှုကို ဆောင်ရွက်နိုင်မည်”

စစ်တွေတပ်နယ်က အရာရှိတွေ၊ မိသားစုဝင်တွေနဲ့ ဇွန်လ ၁၃ ရက်နေ့ မနေ့က သီးခြား တွေ့ဆုံစဉ်မှာ ပြောဆိုခဲ့တာလို့ စစ်ကောင်စီက ထိန်းချုပ်ထားတဲ့ မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားတာပါ။

ရက္ခိုင့်တပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးကို ပြီးခဲ့တဲ့ မေလက တွစ်တာ လူမှုကွန်ရက် ကနေ သတိပေးစာရေးပြီးနောက်ပိုင်း ရခိုင်မှာ အေအေနဲ့ စစ်တပ်ကြား စစ်ရေး တင်းမာမှုတွေ ရှိလာနေတာပါ။

လက်ရှိ ဒေသတွင်းအခြေအနေမှာလည်း နှစ်ဖက်တပ်တွေ နီးနီးကပ်ကပ် နေရာ ယူထားကြပြီး အချိန်မရွေး တိုက်ပွဲ ဖြစ်လာနိုင်တာကြောင့် ဒေသခံတွေက တစ်ကျော့ပြန် တိုက်ပွဲပြန်ဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။