ချင်းပြည်နယ် ထန်တလန်မြို့နယ်က ချင်းအမျိုးသားတပ်ဦး (CNF) ရဲ့ ဌာနချုပ်အနီးကို အောက်တိုဘာလ ၁၂ ရက် မနေ့က စစ်ကောင်စီတပ်တွေရဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ်ဝဲပျံပြီး စောင့်ကြည်နေတာတွေရှိသလို မြေပြင်မှာလည်း တင့်ကားတွေ၊ စစ်ယာဉ်တန်းတွေနဲ့ အင်အားဖြည့်နေတယ်လို့ ချင်းအမျိုးသားတပ်ဦး CNF က RFA ကို ဒီနေ့ ပြောပါတယ်။
ချင်းအမျိုးသားတပ်ဦး CNF ဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့အတူ တိုက်ပွဲဝင်ဖို့ ပထမဆုံး ပူးပေါင်း ခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်တစ်ခုဖြစ်ပါတယ်။
ဒါကြောင့် စစ်ကောင်စီက အင်အားသုံးပြီး တိုက်ခိုက်ဖို့ပြင်ဆင်လာတာလို့ ချင်းအမျိုးသားတပ်ဦး CNF/CNA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။
“CNF ဆိုတာကတော့ ပြောရရင် တိုင်းရင်းသား လက်နက်ကိုင်တွေထဲမှာ NUG နဲ့ ယုံယုံကြည်ကြည်နဲ့ ပထမဦးဆုံး ပူးပေါင်းပြီးတော့တိုက်ပွဲဝင်ဖို့ သဘောတူညီချက်တွေ ကျနော်တို့ ရရှိထားတာဖြစ်တယ်။ လက်ရှိ ကျနော်တို့ NUG နဲ့ သူတို့ရဲ့ နိုင်ငံရေးခံယူချက်နဲ့ ကျနော်တို့ရဲ့ နိုင်ငံရေးခံယူချက်က ထပ်တူကျ နေတော့ စစ်ကောင်စီကတော့ ကျနော်တို့ကို အစကတည်းကိုက စစ်ရေးအရရော နိုင်ငံရေးအရရော ယခင်ကအတိုင်း မဟုတ်ဘဲ ပိုမိုပြီးတော့ ဖိဖိစီးစီးနဲ့ လုပ်လာတာရှိတယ်”
ချင်းအမျိုးသားတပ်ဦး (CNF) ရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်ဟာ ဆိုရင် လည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှာ ဖက်ဒရယ် ပြည်ထောင်စုရေးရာဝန်ကြီး တာဝန်ယူထား ပါတယ်။
"သူတို့က တကယ့်တကယ်ကိုပဲ ချင်းပြည်နယ်မှာ ချေမှုန်းရေးကို သူတို့ လုပ်ငန်းစနေပြီလို့ ပြောလို့ရတယ်"
ဒါ့အပြင် CNF အနေနဲ့ကလည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်လာတဲ့ CDF၊ PDF တပ်ဖွဲ့တွေကို စစ်သင်တန်းပေးတာ၊ သူတို့နဲ့အတူ ပူးပေါင်းတိုက်ခိုက်တာတွေ လုပ်ခဲ့တဲ့အတွက် သူတို့ အဖွဲ့တွေအားလုံးကို စစ်ကောင်စီ အနေနဲ့ အင်းအားလုံးအရင်းသုံးပြီး ထိုးစစ်ဆင်ဖို့ပြင်ဆင်နေတာလို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်နေ့ ကချင်းအမျိုးသားတပ်ဦး CNF နဲ့ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ CDF အဖွဲ့တွေ ပူးပေါင်းပြီး ချင်းပြည်နယ် ထန်တလန်မြို့နယ် အိန္ဒိယ-မြန်မာနယ်စပ် လုံလဲရ်ရွာအခြေစိုက် စစ်ကောင်စီ တပ်စခန်းတစ်ခုကို သိမ်းပိုက်ပါတယ်။
အဲဒီစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၁၂ ဦး သေဆုံးပြီး CNF နဲ့ CDF ပူးပေါင်းတပ်ဖွဲ့တွေ ဘက်ကတော့ ခြောက်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ CNF ဘက်က ပြောဆိုထားပါတယ်။
ဒီနေ့မှာလည်း ဖလမ်းမြို့အနီးမှာ စစ်ကောင်စီတပ်နဲ့ CNF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပေမယ့် အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့မှာတော့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်၊ ဟားခါးဗျူဟာရုံးရဲ့ တပ်ကြပ်ကြီးစာရေး တင်လျန်ဘိခ် (Tin Lian Biak) နဲ့ ကားဒရိုင်ဘာတစ်ဦးတို့ CDM လုပ်ခဲ့ပါတယ်။ အဲဒီ တပ်ကြပ်ကြီးနဲ့အတူ ချင်းပြည်နယ်မှာ စစ်ကောင်စီကပြုလုပ်နေတဲ့ စစ်ဆင်ရေးနဲ့ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေနဲ့ စစ်တပ်ရဲ့လျှို့ဝှက်အချက်အလက် အများအပြား ပါသွားခဲ့ပါတယ်။
တပ်ကြပ်ကြီးနဲ့ ပါလာတဲ့ စစ်ကောင်စီရဲ့ အဲဒီအချက်အလက်တွေအရ ချင်းပြည်နယ်ကို ဖိဖိစီးစီးနဲ့ ချေမှုန်း တော့မယ့် အခြေအနေကို ခန့်မှန်းမိတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ဒုတိယအမှုဆောင် ဒါရိုက်တာ ဆလိုင်းဇအုပ်လိန်းက ပြောပါတယ်။
“သူတို့က တကယ့်တကယ်ကိုပဲ ချင်းပြည်နယ်မှာ ချေမှုန်းရေးကို သူတို့ လုပ်ငန်းစနေပြီလို့ ပြောလို့ရတယ်။ အဲဒါတင်မကဘူး CDM လုပ်သွားတဲ့ တပ်ကြပ်ကြီးကိုယ်တိုင်က သူက ယူဆောင်လာတဲ့ သူ့မှာ ယူဆောင် လာတဲ့ Document တွေ အများကြီးရှိတယ်။ အဲဒီမှာ သူတို့ ဘယ်လိုတိုက်မလဲ ဘာလက်နက်တွေ သုံးမလဲ ဆိုတဲ့ဟာကအစ လျှို့ဝှက်သူတို့စာတွေ အကုန်ရှိတယ်။ ဆိုတော့ တကယ့်တကယ်ပဲ သူတို့က ချင်းပြည် နယ်ကို Focus လုပ်ပြီးတော့ စစ်ဆင်ရေးပြင်ဆင်နေကြတာ ဖြစ်နိုင်တယ်”
CDM တပ်ကြပ်ကြီးနဲ့အတူ ပါသွားတဲ့ စစ်ကောင်စီရဲ့ စစ်ဆင်ရေး အသေးစိတ်အချက်အလက်တွေနဲ့ ပတ်သက်လို့ CHRO ဘက်က ပြောဆိုတာတော့ မရှိပါဘူး။
ဒီကိစ္စနဲ့ပတ်သက်လို့ တပ်ကြပ်ကြီးရဲ့ မိခင် အပါအဝင် မိသားစုဝင် ငါးဦးကို စစ်ကောင်စီက အောက်တိုဘာလ ၁၁ ရက်နေ့က ဖမ်းဆီးခဲ့တယ်လို့ ဆလိုင်းဇအုပ်လိန်းက ပြောပါတယ်။

CNF ဌာနချုပ်ရှိရာနေရာဘက်ကို စစ်အင်အားတွေ ထပ်ဖြည့်နေတာအပြင် CDM တပ်ကြပ်ကြီးနဲ့အတူ စစ်ဆင်ရေး လျှို့ဝှက်ချက်စာရွက်တွေ ပါသွားတဲ့ကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းရဲ့တုံ့ပြန်ချက်ကို မရသေးပါဘူး။
ချင်းအမျိုးသားတပ်ဦး အခြေစိုက်တဲ့ ဌာနချုပ်နဲ့ အနီးဆုံးမြို့ဖြစ်တဲ့ ထန်တလန်မြို့မှာလည်း ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်နေ့က CNF နဲ့ CDF ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ မြို့တွင်းတိုက်ပွဲ ဖြစ်ပွားခဲ့တာကြောင့် တစ်မြို့လုံးနီးပါးဖြစ်တဲ့ လူပေါင်း တစ်သောင်းနီးပါးဟာ မြို့ကိုစွန့်ခွာထွက်ပြေး ခဲ့ကြရပါတယ်။
ထန်တလန်တိုက်ပွဲမှာ လူနေအိမ်တွေ မီးလောင်းဆုံးရှုံးတာ၊ ခရစ်ယာန်သင်းအုပ်ဆရာ တစ်ဦး သေနတ်နဲ့ ပစ်သတ်ခဲ့ရတဲ့ ဖြစ်ရပ်တွေ အပါအဝင် အရပ်သား ထိခိုက်သေဆုံးမှုတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ချင်းပြည်နယ်မှာ အင်အားသုံးတိုက်ခိုက်ဖို့ ပြင်ဆင်နေသလိုပဲ စစ်ကိုင်းတိုင်းမှာလည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို တိုက်ခိုက်ဖို့ အင်အားဖြည့်တင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။