လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းသား ၈ဝဝ ကျော်ကို စစ်ကောင်စီ လွှတ်ပေး

တစ်ပြည်လုံးက အကျဉ်းထောင်တွေထဲက အကျဉ်းကျခံနေရသူပေါင်း ၈၁၄ ယောက်ကို ဖေဖော်ဝါရီ ၁၂ ရက် ဒီနေ့ကျရောက်တဲ့ ၇၅ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အဖြစ် လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ်လို့ စစ်ကောင်စီက ဒီနေ့ ကြေညာထားတာပါ။

ဘယ်မြို့က အကျဉ်းထောင်တွေကနေ ဘယ်နှစ်ယောက် ပြန်လွတ်လာမယ်ဆိုတာ မသိရ ပေမယ့် မိသားစုဝင် တချို့ကတော့ ရန်ကုန်၊ မန္တလေးနဲ့ တခြားမြို့တွေက အကျဉ်းထောင် တွေရှေ့မှာ သွားရောက်စောင့်ဆိုင်းခဲ့ကြပါတယ်။

ဒီနေ့ နေ့လယ် ၁၂ နာရီခွဲမှာတော့ ရန်ကုန် အင်းစိန်ထောင်ကနေ မီနီဘတ်စ်လေးစီးနဲ့ အကျဉ်းသား ၉ဝ ဝန်းကျင်ကို ပြန်လွှတ်ပေးခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။

"အမိန့်ကြေညာစာထဲကအတိုင်း ၈၁၄ ယောက်စာရင်းပဲ သိပါတယ်ခင်ဗျ"

ဒီနေ့ နေ့လယ် အင်းစိန်ထောင်ကနေ ပြန်လွတ်လာသူ အယောက် ၉ဝ ထဲမှာ အမျိုးသမီး ခုနစ်ယောက် ပါဝင်ပြီး နိုင်ငံရေးယုံကြည်ချက်ကြောင့် အဖမ်းခံရသူတွေမဟုတ်ဘဲ သာမန်အမှုအခင်းနဲ့ အကျဉ်းကျခံရသူတွေဖြစ်တယ်လို့ ပြောပါတယ်။

မန္တလေးမြို့က အိုးဘိုအကျဉ်းထောင်မှာလည်း သက်ဆိုင်သူတွေကို ပြန်လွတ်လာဖို့ စောင့်မျှော်နေသူ တချို့ရှိခဲ့ပြီး နိုင်ငံရေးအကျဉ်းသား မဟုတ်တဲ့ အကျဉ်းသား ၃ဝ ကျော် ဒီနေ့လယ်ပိုင်းမှာ ပြန်လွတ်လာတယ်လို့ အကျဉ်းထောင်ရှေ့ စောင့်ဆိုင်းနေသူ တစ် ယောက်က ပြောပြပါတယ်။

နိုင်ငံအနှံ့က အကျဉ်းသားပေါင်း ၈၁၄ ယောက်ကို လွှတ်ငြိမ်းချမ်းသာခွင့် ပေးမယ်ဆိုထား ပေမယ့် လက်ရှိ လွတ်မြောက်လာသူတွေထဲမှာတော့ နိုင်ငံရေးအကျဉ်းသားတွေ ပါဝင် လာတာ မတွေ့ရသေးပါဘူး။

စစ်ကောင်စီ လွတ်ငြိမ်းချမ်းသာခွင့်ပေးမယ့် ၈၁၄ ယောက်ထဲမှာ နိုင်ငံရေးအကျဉ်းသား ပါ၊ မပါကို ပြောဆိုထားတာ မရှိဘဲ တည်ဆဲဥပဒေတွေကို ဖောက်ဖျက်ပြီး အကျဉ်းထောင်အသီး သီးမှာ ပြစ်ဒဏ်ကျခံနေရသူတွေလို့ သုံးနှုန်းထားတာကို တွေ့ရပါတယ်။

RFA အနေနဲ့ ဘယ်အကျဉ်းထောင်တွေက၊ ဘယ်လိုအကျဉ်းသားတွေကို ဘယ်လိုအစီအစဉ် နဲ့ လွှတ်ပေးဖို့ စီစဉ်ထားတာမျိုးရှိလဲလို့ အကျဉ်းဦးစီးဌာနက တာဝန်ရှိတစ်ယောက်ကို မေးမြန်းခဲ့ပေမယ့် စုစုပေါင်း စာရင်းပဲ သိရှိထားတယ်လို့ ပြန်ဖြေဆိုခဲ့ပါတယ်။

“ကျွန်တော်တို့ သိတာကတော့ ၈၁၄ ယောက်ပဲ သိပါတယ်ခင်ဗျ။ ကိုင်တွယ်ထားတာ ၈၁၄ ယောက် စုစုပေါင်းစာရင်းပဲ သိပါတယ်ခင်ဗျ။ ဒါက (ဖမ်းဆီးခံထားရသူတွေ ပြန်လွှတ်ဖို့က) တော့ သူတို့ အောက်ခြေက သူတို့ အစီအစဉ်နဲ့သူတို့ အားလုံးလုပ်ကြ မှာပါ။ ဒီက လုံးပေါင်း (စုစုပေါင်း) စာရင်းပဲ ကိုင်ထားတာခင်ဗျ။ အမိန့်ကြေညာစာထဲက အတိုင်း ၈၁၄ ယောက်စာရင်းပဲ သိပါတယ်ခင်ဗျ။ ကျွန်တော်တို့က အားလုံးပေါင်းစာရင်း ပဲသိတယ် အသေးစိတ်ကျတော့ မသိရပါဘူးခင်ဗျ”

အကျဉ်းကျနေသူ ၈၁၄ ယောက်အပြင် ရက္ခိုင့်တပ်တော် (AA) နဲ့ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံထားရပြီး အမှုရင်ဆိုင်နေရတဲ့ ၄၆ ယောက်ကိုလည်း အမှုရုပ်သိမ်း မယ်လို့ ကြေညာထားတာပါ။ ဒါ့အပြင် ထောင်ဒဏ် အနှစ် ၈ဝ ချမှတ်ခံထားရတဲ့ ကရင် ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဒေါ်နန်းခင်ထွေးမြင့်ကိုလည်း ပြစ်ဒဏ်တစ်ဝက်လျော့ ပေါ့ပေးမယ်လို့ ကြေညာထားပါတယ်။

စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ နိုင်ငံရေးအရ အမြတ်ထုတ်လိုမှုအတွက်ပဲလို့ နိုင်ငံရေး အကျဉ်း သားဟောင်းများအဖွဲ့က ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က ဝေဖန်ပါတယ်။

“တစ်ဖက်မှာ သူက ဗိုလ်ရှုသဘင် အခမ်းအနားလုပ်မယ်။ ပြီးရင် ညစာစားပွဲဆိုပြီး ထာဝရငြိမ်းချမ်းရေး လုပ်မယ်။ အဲဒီနေ့ အဲဒီအချိန် သူက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဆိုပြီး အမိန့်ထုတ်ပြီး သူက လူသားချင်းစာနာတဲ့အကြောင်း၊ အကျဉ်းသားတွေကို လွတ်ပေး လိုက်တဲ့ အကြောင်း၊ အန်တီနန်းကိုလည်း ထောင်အနှစ် ၈၀ လောက်ကျတာ တစ်ဝက် လျှော့ပေါ့ပေးလိုက်တဲ့ အကြောင်းပေါ့။ တကယ့် တကယ်က နိုင်ငံရေး ဆန္ဒနဲ့ နိုင်ငံရေး စိတ်စေတနာ လုံးဝမရှိတဲ့အပြင် ဒါအဖြေလည်း မဟုတ်ဘူး”

prisoners.jpg
(စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာသူတွေကို ၂၀၂၂ ဖေဖော်ဝါရီ ၁၂ ရက်နေ့က အင်စိန်ထောင်ရှေ့မှာ တွေ့ရစဉ်)

စစ်ကောင်စီက လွှတ်ပေးမယ်လို့ ကြေညာထားသူတွေ ပြစ်မှုထပ်ကျူးလွန်ရင် ကျန်ရှိတဲ့ ပြစ်ဒဏ်တွေအတွက်ပါ ထပ်ပေါင်းကျခံရမယ့် ပုဒ်မ ၄ဝ၁၊ ပုဒ်မခွဲ (၁) ထည့်သွင်းထား တာဟာ လွတ်မြောက်လာသူတွေကို ချည်နှောင်ထားလို့လည်း သူက ဆက်ပြောပါတယ်။

ဒီနေ့ နေ့လယ် ၃ နာရီဝန်းကျင်အထိ ရရှိတဲ့ သတင်းအချက်အလက်တွေအရ စစ်ကောင်စီ ဟာ ရန်ကုန် အင်းစိန်အကျဉ်းထောင်က အယောက် ၉ဝ ဝန်းကျင်၊ မန္တလေး အိုးဘိုအကျဉ်း ထောင်က ၃ဝ ဝန်းကျင်၊ စစ်တွေအကျဉ်းထောင်က ၄၆ ယောက်နဲ့ စစ်ကိုင်းတိုင်း ရွှေဘို အကျဉ်းထောင်၊ ကော့သောင်း အကျဉ်းထောင်တို့က အကျဉ်းသားတချို့ကိုသာ လွှတ်ပေး နေတာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၁၈ နဲ့ ၁၉ ရက်မှာ အဖမ်းခံထားရသူ ၅၆ဝဝ ကျော်၊ ဇွန်လ ၃ဝ ရက် မှာလည်း ၂၂ဝဝ ကျော်ကို စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ဖူးပြီး အဲဒီထဲမှာ နိုင်ငံရေး အကျဉ်းသားတွေနဲ့ သတင်းမီဒီယာသမားတချို့ ပါဝင်ခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စာရင်းတွေအရ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ရက်နေ့ ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်နေ့အထိ ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၉,ဝ၈၇ ယောက်ရှိပြီး အဲဒီထဲမှာ ၇ဝ၃ ယောက်က ပြစ်ဒဏ် ချမှတ်ခံထားရသူတွေဖြစ်ပါတယ်။