မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်နဲ့ ဦးခင်မောင်ဆွေတို့ကို တပ်မတော်နေရာပေး

စောဖိုးခွား
2021.02.02
မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်နဲ့ ဦးခင်မောင်ဆွေတို့ကို တပ်မတော်နေရာပေး ပဒိုမန်းငြိမ်းမောင်၊ ဦးသိန်းညွန့်နဲ့ ဦးခင်မောင်ဆွေ
Photo: RFA

စစ်အစိုးရက ၂၀၂၁ ဖေဖော်ဝါရီ ၂ ရက် ဒီနေ့ အသစ်ဖွဲ့စည်းလိုက်တဲ့ "နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ" မှာ အရပ်သားသုံးဦးဖြစ်တဲ့ ပဒိုမန်းငြိမ်းမောင်၊ ဦးသိန်းညွန့်နဲ့ ဦးခင်မောင်ဆွေ တို့ကို အဖွဲ့ဝင်တွေအဖြစ် ထည့်သွင်းလိုက်ပါတယ်။

ပဒိုမန်းငြိမ်းမောင်ဟာ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်ဟောင်းတစ်ဦး ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ဧရာဝတီတိုင်း ပန်းတနော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာအတွက် ကရင်ပြည်သူ့ပါတီကနေ ဝင်ရောက်အရွေးခံခဲ့ပေမယ့် NLD ပါတီကိုယ်စားလှယ်ကို ရှုံးနိမ့်ခဲ့သူ ဖြစ်ပါတယ်။

KNU ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ခဲ့ရင်းက တပ်မတော်နဲ့ နီးစပ်တဲ့ဆက်ဆံရေး ရှိခဲ့ပြီးနောက် တိုင်းရင်းသားအရေးတွေနဲ့ ပတ်သက်ပြီး NLD ပါတီရဲ့လုပ်ဆောင်ချက်တွေကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။

ဦးသိန်းညွန့်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်ဟောင်း တစ်ဦး ဖြစ်ပြီး NLD ပါတီကနေ ခွဲထွက်ပြီးနောက် အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီ ထူထောင်သူတွေထဲက တစ်ဦး ဖြစ်ပါတယ်။

NDF ပါတီကနေ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကြိုးစားခဲ့ပေမယ့် နောက်ပိုင်းမှာ ပါတီတွင်းရန်ပုံငွေ ပြဿနာတွေကြောင့် နှုတ်ထွက်ပြီး တသီးပုဂ္ဂလအနေနဲ့ ဝင်ပြိုင်ခဲ့ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာကို အနိုင်ရခဲ့ပါတယ်။ အဲ့ဒီနောက် အမျိုးသားဒီမိုကရေစီ ပါတီသစ် လို့အမည်ပေးထားတဲ့ ကိုယ်ပိုင်ပါတီ တည်ထောင်ပြီး NLD ပါတီ တောင်ပြိုကမ်းပြို အနိုင်ရခဲ့တဲ့ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် ရှုံးနိမ့်ခဲ့ပါတယ်။

နောက်ပိုင်းမှာ ဦးသိန်းညွန့်ရဲ့ အမျိုးသားဒီမိုကရေစီ ပါတီသစ်ဟာ တပ်မတော်က ကျောထောက်နောက်ခံပြုထားတဲ့တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ မဟာမိတ်ဖွဲ့ခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမတိုင်ခင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံတဲ့ နိုင်ငံရေးပါတီတွေထဲမှာ ပါဝင်ခဲ့ပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှာ နေရာပေးခံရတဲ့ ဦးခင်မောင်ဆွေဟာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်ဟောင်း တစ်ဦး ဖြစ်ပါတယ်။

NLD ပါတီက‌နေ ခွဲထွက်ခဲ့ပြီးနောက်ပိုင်း အမျိုးသားဒီမိုကရေစီအင်အားစု(NDF) ပါတီကို တည်ထောင်သူတွေထဲက တစ်ဦးဖြစ်ပြီး လက်ရှိ NDF ပါတီဥက္ကဋ္ဌ ဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမတိုင်ခင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံတဲ့ နိုင်ငံရေးပါတီတွေထဲမှာ အမျိုးသားဒီမိုကရေစီ အင်အားစု(NDF) ပါတီလည်း ပါပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။