သံတွဲနဲ့ ဂွမြို့နယ်က တံတားသုံးစင်း မိုင်းခွဲဖျက်ဆီးခံရ
2024.07.25
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်က တံတာနှစ်စင်းနဲ့ ဂွမြို့နယ်၊ ကျိန္တလီမြို့က တံတားတစ်စင်းကို ဇူလိုင်လ ၂၄ ရက် မနေ့ညနေပိုင်းမှာ စစ်ကောင်စီတပ်က မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
မိုင်းခွဲဖျက်ဆီးခံရတဲ့ သံတွဲမြို့နယ်က သရက်ပင်ကွင်းတံတားနဲ့ ဆင်ဒင်ကလေးတံတားဟာ အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ မောင်ရွှေလေးရေတပ်နဲ့ ဇလွန်ရွာကြားမှာ ရှိတာပါ။
နောက်ထပ် မိုင်းခွဲဖျက်ဆီးခံရတဲ့ ဂွမြို့နယ်၊ ကျိန္တလီမြို့အနီးက ချင်းကွင်းတံတားကတော့ သံတွဲနဲ့ ဂွမြိုနယ်အကြား အဝေးပြေးလမ်းမပေါ်မှာရှိပါတယ်။
အာရက္ခတပ်တော် (AA) ရဲ့ထိုးစစ်ကို ခုခံကာကွယ်ဖို့အတွက် စစ်ကောင်စီတပ်က တံတားတွေကို မိုင်းခွဲဖျက်ဆီးတာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“မနေ့ကပဲ တံတားသုံးစင်းလုံးကို စစ်ကောင်စီတပ်က မိုင်းခွဲဖျက်ဆီးလိုက်တယ်။ သူတို့က AA ဝင်လာလို့မရအောင် တံတားတွေကို ဖျက်ဆီးပစ်တာပေါ့။ တံတားတွေကို ဖျက်ဆီးလိုက်လိုက်တော့ အဓိကဒုက္ခရောက်တာ ပြည်သူတွေပဲ။ ဆက်သွယ်ရေးလမ်းကြောင်းတွေ ပျက်စီးသွားပြီဆိုတော့ ဘယ်မှသွားလို့ မရတော့ဘူးလေ။ တိမ်းရှောင်မယ်ဆိုရင်လည်း တိမ်းရှောင်လို့မရတော့ဘူး”
အာရက္ခတပ်တော် (AA) ဟာ သံတွဲမြို့အပါအဝင် စစ်ကောင်စီ တပ်ရင်းတွေဖြစ်တဲ့ ခြေလျင်တပ်ရင်း ခလရ (၅၅)နဲ့ ခြေမြန်တပ်ရင်း ခမရ (၅၆၆)တပ်ကို သိမ်းပိုက်ပြီးနောက် သံတွဲမြို့နယ်မှာ တစ်ခုတည်းသာ ကျန်တော့တဲ့ မောင်ရွှေလေး ရေတပ်ကို ထိုးစစ်ဆင်နေပါတယ်။
တံတားသုံးစင်းကို မိုင်းခွဲဖျက်စီးတာနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။
စစ်တွေမြို့နယ်က မင်းချောင်းတံတားနဲ့ တောင်ကုတ်ခရိုင်ထဲက မအီမြို့တံတားနဲ့ ကျောက်ကြီးပေါတံတားတွေကိုလည်း ပြီးခဲ့တဲ့လတွေက စစ်ကောင်စီတပ်က မိုင်းခွဲဖျက်ဆီးခဲ့ပါတယ်။