စစ်ကောင်စီနဲ့ ကိုးကန့်တပ် (MNDAA) တရုတ်မှာ ဆွေးနွေးပွဲစတင်

RFA Burmese
2024.12.15
စစ်ကောင်စီနဲ့ ကိုးကန့်တပ် (MNDAA) တရုတ်မှာ ဆွေးနွေးပွဲစတင် ကိုးကန့်တပ်မတော် (MNDAA) တပ်ဖွဲ့ဝင်များအား ပန်ဆန်းမြို့ရှိ ဈေးတန်းတစ်ခုတွင် ၂ဝ၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့က တွေ့ရစဉ်။
The Kokang

တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ စစ်ကောင်စီတပ်ဘက်က ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ ကိုးကန့်တပ်မတော် (MNDAA) တို့ ဒီဇင်ဘာလ ၁၅ ရက်နေ့ ဆွေးနွေးမှုစတင်နေပြီလို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေက RFA ကို အတည်ပြုပြောပါတယ်။

လတ်တလော ဆွေနွေးမှု အသေးစိတ်ကို မသိရသေးပေမဲ့ MNDAA ဘက်က စစ်ဘက်ဆိုင်ရာ အဆင့်မြင့်အရာရှိတွေနဲ့ တရုတ်ဘက်က ကိုယ်စားလှယ်တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ကောင်စီနဲ့ နီးစပ်သူတစ်ဦးကတော့ ဆွေးနွေးပွဲမှာ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးနဲ့ ဗိုလ်မှူးချုပ်တစ်ဦး ပါတယ်လို့ RFA ကို ပြောပါတယ်။

"ဒီနေ့ ကိုးကန့်တပ် (MNDAA) နဲ့ ဆွေးနွေးမှုစတင်ပါတယ်။ စစ်ကောင်စီဘက်က ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးနဲ့ ဗိုလ်မှူးချုပ်တစ်ဦး ပါတယ်။ နောက်ရက်တွေမှာ TNLA နဲ့ AA တို့နဲ့လည်း ဆွေးနွေးဖို့ ဆက်ရှိနိုင်တယ်လို့ သိထားရပါတယ်"

လက်ရှိမှာ ကိုးကန့်တပ် (MNDAA) ခေါင်းဆောင် ဦးဖုန်တာရွှင် ဘယ်ရောက်နေသလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိသေးဘဲ တရုတ်က ဦးဆောင်ပြီး ဆွေးနွေးပွဲတွေ လုပ်နေတာဖြစ်ပါတယ်။

ဦးဖုန်တာရွှင်ဟာ တရုတ်ပြည်မှာ ထိန်းသိမ်းခံထားရတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့ပြီးနောက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ လင်ကျန်းက ငြင်းဆိုထားပြီး ဆေးကုသမှုခံယူနေတယ်လို့ နိုဝင်ဘာလအတွင်းက ပြောထားပါတယ်။

ဒါပေမဲ့ တရုတ်ရဲ့ ငြင်းဆိုချက်အပေါ် ကိုးကန့်တပ်ဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုထားတာ မရှိသေးပါဘူး။

တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကြောင့် တရုတ်-မြန်မာနယ်စပ်တည်ငြိမ်ရေး၊ ပြည်တွင်းစစ် ပဋိပက္ခကို နိုင်ငံရေးနည်းလမ်းအရ ဆွေးနွေးဖြေရှင်းမယ်လို့ ကိုးကန့်တပ် (MNDAA) က ဒီဇင်ဘာလ ၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ကူမင်းဆွေးနွေးပွဲ စတင်ချိန်မှာပဲ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းရင်းသား လက်နက်ကိုင်တပ်တွေအနေနဲ့ လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ်ဖို့ ဒီနေ့ကျရောက်တဲ့ နှစ်ငါးဆယ်ပြည့် ရခိုင်ပြည်နယ်နေ့ မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ကောင်စီရဲ့ အရေးပါတဲ့ တိုင်းစစ်ဌာနချုပ်ရှိရာ လားရှိုးနဲ့ တရုတ်-မြန်မာနယ်စပ်က အရေးပါတဲ့ ကုန်သွယ်ရေးဂိတ်တွေဖြစ်တဲ့ ချင်းရွှေဟော်၊ လောက်ကိုင်၊ ကြူကုတ်၊ ပန်ဆိုင်း၊ မုံးကိုးမြို့တွေ အပါအဝင် မြို့ပေါင်း ကိုးမြို့ကို MNDAA က သိမ်းပိုက်ထားပါတယ်။

မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလကစခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ တရုတ်ရဲ့ ကြားဝင်ညှိနှိုင်းမှုအရ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှာ ဟိုဂင်သဘောတူညီချက်နဲ့ တိုက်ပွဲတွေ ခေတ္တရပ်တန့်ခဲ့ပါတယ်။ ဒါပေမဲ့ ဇွန်လထဲမှာပဲ ဟိုင်ဂင်သဘောတူညီချက် ပျက်ပြယ်ပြီး တိုက်ပွဲဆက်ဖြစ်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။