ရွေးကောက်ပွဲကိုဆန့်ကျင်ဖို့နဲ့ စစ်ကောင်စီကို ကိုယ်စားပြုခွင့်မပေးဖို့ EU ထံတောင်းဆို

RFA Burmese
2023.10.25
ရွေးကောက်ပွဲကိုဆန့်ကျင်ဖို့နဲ့ စစ်ကောင်စီကို ကိုယ်စားပြုခွင့်မပေးဖို့ EU ထံတောင်းဆို ၂ဝ၂၃ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် နိုင်ငံရေးပါတီများအား အီလက်ထရွန်နစ်မဲပေးစက်အကြောင်း စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တစ်ဦး ရှင်းလင်းနေစဉ်။
AFP

စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ပေးဖို့နဲ့ ကုလသမဂ္ဂ အစည်းအဝေးတွေ အပါအဝင် ဥရောပသမဂ္ဂနဲ့ နိုင်ငံတကာ ဆွေးနွေးပွဲတွေမှာ စစ်ကောင်စီကိုယ်စားပြုမှုမရှိအောင် တားဆီးပိတ်ပင်ပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCCက ဥရောပသမဂ္ဂထံ တောင်းဆိုလိုက်ပါတယ်။

NUG၊ NUCC အပါအဝင် တိုင်းရင်းသားအဖွဲ့တွေ၊ တော်လှန်ရေးအင်အားစုတွေက အခုလ ၁၆ ရက်နေ့မှာ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေနဲ့ ဥရောပသမဂ္ဂထံ မေတ္တာရပ်ခံစာ ပေးပို့ခဲ့တာဖြစ်ကြောင်း NUG က ဒီနေ့ ထုတ်ပြန်ပါတယ်။

တောင်းဆိုချက်တွေထဲမှာ နိုင်ငံတကာတရားမျှတရေးယန္တရားတွေ၊ ဒါမှမဟုတ် နိုင်ငံတကာတရားရုံးတွေကနေ ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ခွင့်ကို အသုံးပြုပြီး မြန်မာနိုင်ငံမှာ ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုတွေ၊ လူမျိုးတုံးသတ်ဖြတ်မှုတွေအတွက် တရားမျှတမှုရရေးဖော်ဆောင်နေတာကို EU ဘက်က ကူညီထောက်ပံ့ပေးဖို့ဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် မြန်မာပြည်တွင်းမှာ လူဦးရေ နှစ်သန်းကျော် နေရပ်စွန့်ခွာ ပြောင်းရွှေ့နေထိုင်နေရပြီး နေအိမ် ခုနစ်သောင်းကျော် ဖျက်ဆီးခံခဲ့ရတယ်လို့ NUG က ဆိုပါတယ်။

စစ်ကောင်စီဘက်က အကြမ်းဖက်မှုတွေ ရပ်တန့်တာ၊ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတာနဲ့ ဖက်ဒရယ်ဒီမိုကရေစီ အသွင်းကူပြောင်းရေးကို လက်ခံဖို့ အဆင်သင့်မဖြစ်သေးသမျှ တွေ့ဆုံဆွေးနွေးမှုတွေက အရာရောက်မှာမဟုတ်လို့ လက်ရှိအချိန်ဟာ အပစ်အခတ်ရပ်စဲရေးနဲ့ စေ့စပ်ညှိနှိုင်းရေးလုပ်ဆောင်ရမယ့် အချိန်မဟုတ်ဘူးလို့လည်း NUG အပါအဝင် တော်လှန်ရေးအင်အားစုတွေက EU ထံပေးပို့တဲ့စာမှာ ထည့်သွင်းရေးသားထားပါတယ်။

လက်ရှိမှာ စစ်ကောင်စီက တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို ပြန်ပြီးအသက်သွင်းဖို့ ကြိုးစားနေပြီး ဒါဟာ တိုင်းရင်းသားတွေနဲ့ နိုင်ငံရေးပါတီတွေကြား ကွဲလွဲမှုဖြစ်အောင် လုပ်ဆောင်တာသာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီနဲ့ ပတ်သက်နေတဲ့ လုပ်ငန်းတွေ၊ ငွေကြေး အဖွဲ့အစည်းတွေ၊ သတ္တုတူးဖော်ရေးလုပ်ငန်းတွေနဲ့ လေယာဉ်ဆီကုမ္ပဏီတွေကို အရေးယူ ပိတ်ဆို့မှုတွေ တိုးမြှင့်ချထားဖို့နဲ့ ပိတ်ဆို့ထားပြီးကိစ္စတွေကို ထိထိရောက်ရောက် ဆောင်ရွက်ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

NUG အပါအဝင် တော်လှန်ရေးအင်အားစုတွေရဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေနဲ့ ဥရောပသမဂ္ဂထံ ပေးပို့ခဲ့တဲ့ စာနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ တုံ့ပြန်ချက်ကိုရဖို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရပါဘူး။

လာမယ့် နိုဝင်ဘာလအတွင်း ဥရောပပါလီမန်မှာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ပိတ်ဆို့အရေးယူမှုတွေကို ပြန်လည်သုံးသပ်ဖို့ရှိပြီး အဲဒီအစည်းအဝေးတွေမှာ လေယာဉ်ဆီပိတ်ဆို့မှု အပါအဝင် ပိုမိုထိရောက်တဲ့ ပိတ်ဆို့မှုတွေ ချမှတ်လာနိုင်စရာရှိတယ်လို့ စက်တင်ဘာလ ကုန်ပိုင်းက ဥရောပပါလီမန်အမတ်တွေနဲ့ တွေ့ဆုံခဲ့တဲ့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်း က RFA ကို အခုလဆန်းမှာ ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။