စစ်ကောင်စီ ရဟတ်ယာဉ်တစ်စင်း ပျက်ကျ

RFA Burmese
2024.08.02
စစ်ကောင်စီ ရဟတ်ယာဉ်တစ်စင်း ပျက်ကျ မိတ္ထီလာ လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ်တွင် ပြုလုပ်ခဲ့သည့် စစ်ကောင်စီ၏ (၇၁) နှစ်ပြည့် လေတပ်အခမ်းအနားတွင် Eurocopter 365 အမျိုးအစား ရဟတ်ယာဉ်တစ်စင်း တပ်တော်ဝင်နေပုံကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့က တွေ့ရစဥ်။
Myanmar Military

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်အခြေစိုက် စစ်ကောင်စီ လေတပ်စခန်းကနေ ယူရိုကော်ပတာ (Eurocopter) အမျိုးအစား ရဟတ်ယာဉ်တစ်စင်းဟာ ဩဂုတ်လ ၂ ရက်နေ့ မနက်ပိုင်းမှာ ပျံသန်းပြီးမကြာခင် ပျက်ကျခဲ့တယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေက RFA ကိုပြောပါတယ်။

RFA ရဲ့ စစ်ရေးသတင်းရင်းမြစ်နှစ်ဦးက ရဟတ်ယာဉ်ပျက်ကျမှုကို အတည်ပြုပြီး လက်ရှိမှာ စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ဒီရဟတ်ယာဉ် ပျက်ကျမှုမှာ တောင်ပိုင်းတိုင်း လေတပ်ကွပ်ကဲမှု ဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်ချုပ် စိုးတင်လတ်နဲ့ တွဲဖက်လေယာဉ်မှူးတစ်ဦး သေဆုံးပြီး ရဟတ်ယာဉ်မှာလိုက်ပါလာတဲ့ နောက်ထပ် အရာရှိနှစ်ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ စစ်ကောင်စီတပ် ထောက်ခံတဲ့ တယ်လီဂရမ်တွေမှာ ဖော်ပြပေမဲ့ RFA က သီးခြား အတည်မပြုနိုင်သေးပါဘူး။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။

CDM ဗိုလ်ကြီး ဇင်ယော်ကတော့ ဗိုလ်ချုပ် စိုးတင်လတ်နဲ့ အမျိုးသမီးလေယာဉ်မှူးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး အမျိုးသမီးလေယာဉ်မှူး လေ့ကျင့်ပျံသန်းချိန် ပျက်ကျတဲ့အခြေအနေ ဖြစ်နိုင်တယ်လို့ RFA ကိုပြောပါတယ်။

ရဟတ်ယာဉ်ပျက်ကျမှုမှာ ဗိုလ်ချုပ် စိုးတင်လတ်က မျက်လုံးပေါက်ထွက် ဒဏ်ရာရခဲ့ပြီး ဆေးကုသမှု ခံယူနေရတယ်လို့ သူရရှိတဲ့ သတင်းအချက်အလက်တွေကို ကိုးကားပြီး RFA ကို ပြောပါတယ်။

ပြီးခဲ့တဲ့ သုံးနှစ်ထဲမှာ စစ်ကောင်စီရဲ့ ရိက္ခာသယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်နဲ့ ဂျက်တိုက်လေယာဉ် စုစုပေါင်း ခုနစ်စင်းကို တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေက ပစ်ချခဲ့တယ်လို့ သက်ဆိုင်ရာအဖွဲ့တွေက ထုတ်ပြန်ကြေညာထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။