လောင်းလုံးမြို့နယ်မှာ ရွာထဲပစ်ခတ်ခံရလို့ အရပ်သား နှစ်ဦးသေ၊ နှစ်ဦး ဒဏ်ရာရ

2022.06.17
လောင်းလုံးမြို့နယ်မှာ ရွာထဲပစ်ခတ်ခံရလို့ အရပ်သား နှစ်ဦးသေ၊ နှစ်ဦး ဒဏ်ရာရ ၂၀၂၂ ခုနှစ် ဇွန်လ ၁၆ ရက်နေ့ ညမှာ စစ်ကောင်စီတပ် မီးရှို့ခဲ့သည့် လောင်းလုံးမြို့နယ်၊ ဝေဒီကျေးရွာမှ နေအိမ်တစ်လုံးကို တွေ့ရစဥ်
Photo: Democracy Movement Strike Committee-Dawei

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် အောက်ရေဖြူကျေးရွာအုပ်စု၊ ဝေဒီကျေးရွာနဲ့ ဂေါ့အင်းကျေးရွာတွေကို ဇွန်လ ၁၆ နဲ့ ၁၇ ရက်နေ့ မနက်အစောပိုင်းတွေမှာ စစ်ကောင်စီ တပ်က ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ နှစ်ဦး သေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဂေါ့အင်းကျေးရွာက အသက် ၄၁ နှစ်အရွယ် မအေမီဖြိုးဝေနဲ့ အသက် ၂၀ ခန့်အရွယ် ကိုဇော်လတ်တို့ သေဆုံးခဲ့တာဖြစ်ပြီး ရေဘုတ်ကျေးရွာက ကိုနေလင်းကိုနဲ့ ဝေဒီကျေးရွာက မနွယ်နီဌေးတို့ကတော့ သေနတ်ဒဏ်ရာတွေနဲ့ ဆေးရုံပို့ဆောင်ထားရတယ်လို့ အကူအညီ ပေးခဲ့တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ဂေါ့အင်းမှာဆိုရင် သေနတ်ပစ်ပြီးမှ နေအိမ်ဝင်တာလေ။ သူတို့လိုချင်တဲ့သူမေးတယ်၊ မရှိတော့ အဲ့မှာရှိတဲ့ အစ်မ တစ်ယောက်ကို ခေါ် အိမ်ရှေ့မှာပဲ ပစ်သတ်လိုက်တာ။ ပစ်ခတ်ခံရတာတော့ သုံးယောက်။ သေတာက နှစ်ယောက်သေတာ"

ဇွန်လ ၁၆ ရက်နေ့ ည ၁၀ နာရီဝန်းကျင်က စစ်ကောင်စီတပ်သားတွေက ဂေါ့အင်းကျေး ရွာမှာရှိတဲ့ မနွယ်နီဌေးရဲ့ နေအိမ်ကိုမီးရှို့ပြီး မနွယ်နီဌေးကိုပါ ပစ်ခတ်ခဲ့ရာက ဒဏ်ရာရပြီး ဆေးရုံတင်ထားရတယ်လို့လည်း ဆိုပါတယ်။

ဒီဒေသဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြတာတွေအပြင် စစ်ကောင်စီကို ခုခံတိုက်မှု တွေရှိနေတဲ့အတွက် စစ်တပ်က အခုလို အင်အားသုံးလုပ်ဆောင်နေတာလို့ ယူဆကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီက တစ်စုံတစ်ရာထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက သူတို့အနေနဲ့ ကျေးရွာတွေထဲကို ဝင်ရောက်တာမရှိသလို အရပ်သားတွေအပေါ် ထိခိုက်အောင်လည်း ဘယ်လိုနည်းနဲ့မှ လုပ်ဆောင်မှာမဟုတ်ကြောင်း ယခင်က တုံ့ပြန်ပြောဆိုထားပါတယ်။

အခုလက်ရှိမှာ စစ်ကောင်စီတပ်က လောင်းလုံးမြို့နယ်အတွင်းမှာ ဖမ်းဆီးစစ်ဆေးတာတွေ ရှိနေပြီး ဇွန်လ ၁၆ ရက် မနေ့ကလည်း မြို့ပေါ်မှာ ဖမ်းဆီးခံရသူ ရှစ်ဦး ရှိခဲ့တယ်လို့ မြို့ခံ တွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။