AA နဲ့ စစ်ရေးတင်းမာချိန် ကျောက်ဖြူမှာ စစ်ကောင်စီတပ်အင်အား တိုးချနေ

အခုရက်ပိုင်းအတွင်း ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်အကြား အခြေအနေတွေ တင်းမာလာချိန်မှာပဲ စစ်ကောင်စီရဲ့ ရေငုပ်သင်္ဘောတစ်စင်းနဲ့ စစ်သင်္ဘောတစ်စင်း ရှေ့ဆင့်၊ နောက်ဆင့် ဆိုက်ကပ်လာတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

အဲဒီ စစ်သင်္ဘောနှစ်စင်းဟာ ဘင်္ဂလားပင်လယ်ကနေ သံဇစ်မြစ်အတိုင်း ရခိုင်ပြည်နယ်ထဲ ဝင်လာပြီး မေလ ၃၁ ရက်နေ့က ကျောက်ဖြူ အမှတ်(၃) ဆိပ်ကမ်းကို ဆိုက်ကပ်ခဲ့တာလို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

စစ်သင်္ဘောတွေမှာ အမြောက်တွေ တပ်ဆင်ထားသလို အရေးပေါ် စစ်ရဟတ်ယာဥ်တွေ ဆင်းသက်နိုင်တဲ့ကွင်းပါ ပါဝင်တယ်လို့ အမည်မဖော်လိုတဲ့ ကျောက်ဖြူမြို့ ဒေသခံတစ်ဦး က RFA ကို ပြောပါတယ်။

“မေလ ၃၁ ရက်နေ့က ရေငုပ်သင်္ဘောတစ်စင်းနဲ့ နောက်ထပ် စစ်သင်္ဘောကြီးတစ်စင်း ရောက်တယ်။ သင်္ဘောကြီးမှာတော့ လေယာဉ်ကွင်း ပါတယ်။ အမြောက်တွေ ပါတယ်။ တော်တော်ကြီးတယ်။ အဲဒီသင်္ဘောကြီးက ကျောက်ဖြူ အမှတ်(၃) ဆိပ်ကမ်းကိုကပ်ပြီး စစ်သားတွေချခဲ့တာ တွေ့ရတယ်။ အင်အားဘယ်လောက်လဲဆိုတာကိုတော့ မသိရဘူး။ ခန့်မှန်းတာက ရာချီမယ်လို့ထင်တယ်”

စစ်သားတွေချပြီးတဲ့နောက် အဲဒီစစ်သင်္ဘောနှစ်စင်းဟာ အခုလက်ရှိ ကျောက်ဖြူမြို့နယ် သစ်ပုတ်တောင် ရေတပ်စခန်းဌာနချုပ် အမှတ် ၉၁၅) ဆိပ်ကမ်းမှာ ရပ်နားထားတာ တွေ့ရတယ်လို့လည်း သူက ဆိုပါတယ်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ဟာ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းအပါအဝင် မြန်မာနိုင်ငံမှာ တရုတ်ရဲ့ အကြီးမားဆုံး စီမံကိန်းတွေရှိတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။ အခု စစ်အင်အားတိုးချတာဟာလည်း မကြာခင်ဖြစ်လာနိုင်တဲ့ AA နဲ့ စစ်တပ်အကြား တင်းမာမှု တွေကနေ တရုတ်ရဲ့စီးပွားရေးတွေကို ကာကွယ်ပေးဖို့ ဖြစ်နိုင်တယ်လို့ အဲဒီကျောက်ဖြူ ဒေသခံက ပြောပါတယ်။

“ကျနော့်အမြင်ကတော့ ဒီမှာက တရုတ်စီမံကိန်းတွေ အများကြီးရှိတယ်။ အဲဒီ ရေငုပ် သင်္ဘောကပ်ဖို့ ရေနက် ဆိပ်ကမ်းတွေ ဆောက်တာကလည်း တရုတ်ကုမ္ပဏီတွေကပဲ လုပ်ကြတာ။ ဒီတော့ တိုက်ပွဲတွေ ပြင်းထန်လာလို့ရှိရင် တရုတ်စီးပွားရေးစီမံကိန်း တွေကို ကာကွယ်ဖို့အတွက် အခုလို စစ်အင်အားတွေ တိုးချထားတာလို့ မြင်တယ်”

အခုလို စစ်အင်အား တိုးချလာတာကြောင့် ဒေသခံတွေ စိုးရိမ်ကြောက်လန့်ပြီး ဆန်၊ ဆီ၊ ဆား စတဲ့ အခြေခံ စားနပ်ရိက္ခာတွေ စုဆောင်းနေကြတယ်လို့ RFA က ဆက်သွယ်မေးမြန်း ခဲ့တဲ့ ဒေသခံအချို့က ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်း ကို RFA က မေလ ၃၁ ရက်နေ့က မေးမြန်းရာမှာ စစ်အင်အားတိုးချတာ မရှိဘူးလို့ ငြင်းဆိုပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၉ ရက် သတင်းစာရှင်းလင်းပွဲတုန်းကတော့ ရခိုင်ပြည်နယ်မှာ စစ်ရေး ပဋိပက္ခတွေ ဖြစ်လာရင် စစ်တပ်ကို အပြစ်မတင်နဲ့ဆိုပြီး သတိပေးသွားပါတယ်။

နိုင်ငံတကာ ပဋိပက္ခ လေ့လာစောင့်ကြည့်ရေးအဖွဲ့ (ICG) ကတော့ ရခိုင်မှာစစ်ပွဲတွေ ပြန်ဖြစ်ရင် ရခိုင်လူထုပဲ ထိခိုက်နစ်နာမှာမို့ စစ်ပွဲတွေကို နှစ်ဖက်လုံးက ရှောင်ရှားကြဖို့ မနေ့က အစီရင်ခံစာ ထုတ်ပြန်ပြီး တိုက်တွန်းထားပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့အကြား မေလ အစောပိုင်း ကစလို့ စစ်ရေးတင်းမာနေပြီး မကြာခင် တိုက်ပွဲတွေ ပြင်းထန်လာမှာကို ဒေသခံတွေနဲ့ ရခိုင်နိုင်ငံရေးသမားတွေက စိုးရိမ်နေပါတယ်။