YouTube ကို Mtube နဲ့ အစားထိုးဖို့ စစ်ကောင်စီကြိုးပမ်းနေ
စစ်ကောင်စီဘက်က သတင်းတွေကို YouTube ကနေ ဖြုတ်ချမှုတွေ ကြုံတွေ့နေရတာ ကြောင့် အစားထိုး အသုံးပြုနိုင်မယ့် Mtube Live Streaming Platform တစ်ခုကို တီထွင်ဆောင်ရွက်နေပြီလို့ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက မနေ့က ပြောပါတယ်။
အဲဒီ Mtube Live Streaming Platform ရဲ့နည်းပညာ ကဏ္ဍကို ဦးဆောင်မယ့် United Info-Sec ကုမ္ပဏီနဲ့ တွေ့ဆုံစဉ် မှာ ဦးမောင်မောင်အုန်းက ပြောဆိုခဲ့တာပါ။
သူတို့ ထုတ်ပြန်တဲ့ သတင်းတွေကို ကန့်သတ်တာ၊ ဖြုတ်ချတာနဲ့ နည်းပညာအားကိုးပြီး အနိုင်ကျင့်တာတွေကြောင့် YouTube လို အသုံးပြုနိုင်မယ့် Mtube Live Streaming Platform တစ်ခုကို အခုလို တီထွင်ရတာလို့ ပြန်ကြားရေး ဝန်ကြီးက ပြောပါတယ်။
စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ Viber Group က ထုတ်ပြန်ချက်မှာတော့ Mtube Live Streaming Platform ကို အရပ်သား ပညာရှင်တွေနဲ့ ရေးဆွဲထားပြီး ဒီနေ့အထိတော့ စမ်းသပ်အသုံးပြုတဲ့အဆင့်မှာပဲ ရှိသေးကြောင်းနဲ့ မကြာမီ အသုံးပြုနိုင်တော့ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
ရန်ကုန်မြို့က နည်းပညာကျွမ်းကျင်တဲ့ လူငယ်တစ်ဦးကတော့ မီဒီယာနည်းလမ်းတစ်ခု အသုံးဝင်ဖို့ အောင်မြင်ဖို့ဆိုတာ အသုံးပြုမယ့် ပရိတ်သတ်၊ ကျယ်ပြန့်အောင် လုပ်နိုင်စွမ်းနဲ့ ရည်ရွယ်ချက်ကောင်းတွေရှိမှသာ အလုပ်ဖြစ်လိမ့်မယ်လို့ RFA ကို ပြောပါတယ်။
"အခုက သူတို့ရဲ့ရည်ရွယ်ချက်က ဝါဒဖြန့်ဖို့ ဖြစ်နေတာရယ်၊ သူတို့ ဘာလုပ်လုပ် တိုက်ဖျက်မယ့် တော်လှန်ရေး လူထု အားကောင်းနေသေးသမျှရယ်၊ နိုင်ငံတကာရပ်ဝန်း က သူတို့ လုပ်သမျှ လက်မခံပေးသမျှရယ်ကတော့ သူတို့ဘာလုပ်လုပ် အောင်မြင်မှာ မဟုတ်ပါဘူး"
အခုလို YouTube ကို Mtube နဲ့ စစ်ကောင်စီက အစားထိုးဖို့ လုပ်နေသလို တစ်ဖက်မှာ လည်း ပြည်တွင်းမှာ လူသုံးအများဆုံးဖြစ်တဲ့ လူမှုကွန်ရက် စာမျက်နှာတစ်ခုဖြစ်တဲ့ Facebook ကို ပိတ်ပြီး လူမှုကွန်ရက်မီဒီယာတစ်ခုနဲ့ အစားထိုးမယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြီးခဲ့တဲ့ ဩဂုတ်လ ၁၇ ရက်က သတင်းစာရှင်းလင်းပွဲ မှာ ပြောဆိုခဲ့ပါတယ်။
Facebook က အမျိုးသားရေးနဲ့ ပတ်သက်တဲ့ အကောင့်တွေ၊ ပို့စ်တွေကို ဖြုတ်ချ နေတာကြောင့် စစ်ကောင်စီဘက်က ကိုယ်ပိုင် လူမှုကွန်ရက်မီဒီယာတစ်ခု တည်ဆောက်ဖို့ စီစဉ်နေတာဖြစ်ပြီး စစ်တပ်ထောက်ခံတဲ့ အသိုင်းအဝိုင်းကတော့ အဲဒီကွန်ရက်အမည်ဟာ Okay par ဖြစ်တယ်လို့ ပြောဆိုကြပါတယ်။
ပြန်ကြားရေးဝန်ကြီးဌာနက ဦးဆောင်တဲ့ MRTV Application ကိုလည်း ရေးဆွဲဆောင်ရွက် ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် အခမ်းအနားကို တက်ရောက် ဖွင့်လှစ်ခဲ့ပေမယ့် လွှင့်တင်ပြီး မကြာမီမှာပဲ ပြန်လည် ဖြုတ်ချခံခဲ့ရပါတယ်။
မေလ ၄ ရက်နေ့က MRTV ရဲ့ ရုပ်သံထုတ်လွှင့်မှု အစီအစဉ်တွေကို အင်တာနက်ကနေ ကြည့်ရှုနိုင်မယ့် Application တစ်ခုကို စတင်ဖြန့်ဖြူးတဲ့ အခမ်းအနားကို ကျင်းပခဲ့ပြီး နောက်တစ်နေ့ မေလ ၅ ရက်မှာတော့ ဒီ MRTV app ကို ဒေါင်းလုပ်ဆွဲ ရယူရမယ့် အဓိက ပလက်ဖောင်းတွေ ဖြစ်တဲ့ Apple store နဲ့ Google play store တို့က သူတို့ရဲ့ ပလက်ဖောင်းတွေကနေ ဖယ်ရှားပစ်ခဲ့ပါတယ်။
စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးကတော့ ဒီလို ဖြုတ်ချခံရတာဟာ ပြည်သူတွေရဲ့ သတင်းအချက်အလက် သိပိုင်ခွင့်ကို ဖျက်ဆီးခဲ့တာလို့ မနေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။