စစ်ပွဲတွေမှာ အဆင့်မြင့်နည်းပညာတွေ သုံးလာကြောင်း စစ်ခေါင်းဆောင်ပြော

RFA Burmese
2024.12.13
စစ်ပွဲတွေမှာ အဆင့်မြင့်နည်းပညာတွေ သုံးလာကြောင်း စစ်ခေါင်းဆောင်ပြော စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့က ပြင်ဦးလွင်မြို့ တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းဆင်းပွဲတွင် တွေ့ရစဉ်။
Myanmar Military

ခေတ်သစ် စစ်ပွဲတွေမှာ အဆင့်မြင့်နည်းပညာတွေကို အသုံးပြုလာတာကြောင့် စစ်ဘက်ဆိုင်ရာ သိပ္ပံနဲ့ နည်းပညာတွေကို အမီလိုက်ပြီး စစ်မြေပြင်နဲ့ လုပ်ငန်းနယ်ပယ်တွေမှာ ပြန်လည်အသုံးချရေး ကြိုးပမ်းရမယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ပြောပါတယ်။

မန္တလေးတိုင်း ပြင်ဦးလွင်မြို့ တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းဆင်းပွဲမှာ ပြောလိုက်တာပါ။

စစ်ပွဲတွေမှာ အီလက်ထရွန်နစ် စစ်ဆင်ရေးနဲ့ သတင်းအချက်အလက် စစ်ဆင်ရေးတွေကို ထိထိရောက်ရောက် သုံးလာတာလည်း တွေ့ရတာကြောင့် ကာကွယ်ရေးဆိုင်ရာ မူဝါဒတွေချဖို့အတွက် နည်းပညာရဲ့ အခန်းကဏ္ဍက အရေးပါလာတယ်တယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

ဒါကြောင့် နည်းပညာတွေကို အမီလိုက်ပြီး စစ်မြေပြင်နဲ့ လုပ်ငန်းနယ်ပယ်တွေမှာ အသုံးချရမှာဖြစ်သလို တိုက်ပွဲဝင်အသင့် (Fit For Fight) ဖြစ်အောင် ကြိုးပမ်းရမယ်လို့ စစ်ခေါင်းဆောင်က သူ့ရဲ့ ဗိုလ်လောင်းတွေကို သတိပေးပါတယ်။

နည်းပညာက အရေးကြီးပေမဲ့ လူအင်အားကိုလည်း မေ့မထားသင့်ဘူးလို့ စစ်ရေးလေ့လာ သုံးသပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

“တကယ်တမ်းတော့ လူအင်အား Mass ကလည်း အရေးကြီးပါတယ်။ Mass ရဲ့ ပူးပေါင်းဆောင်ရွက်မှုကလည်း လိုအပ်ပါတယ်။ Mass is Power (လူအင်အားဟာ စွမ်းအား)လို့ တကယ်တမ်းယုံကြည်ရင် တပ်ပြေးဆိုတာ ရှိလာမှာ မဟုတ်ပါဘူး”

စစ်ကောင်စီတပ်ဟာ တပ်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဒရုန်းစစ်ဆင်ရေးကြောင့် အထိနာခဲ့ပြီး နောက်ပိုင်းမှာ စစ်ကောင်စီတပ်ကလည်း ဒရုန်းနည်းပညာကို ဖြည့်ဆည်းလာတဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့တွေကလည်း စစ်ကောင်စီတပ်ရဲ့ ဒရုန်းတွေကို သတိထားလာရတယ်လို့ သူက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ တရုတ်နိုင်ငံထုတ် ကင်းထောက်ဒရုန်းရော၊ တိုက်ခိုက်ရေးသုံးဒရုန်းတွေကိုပါ စစ်ကောင်စီတပ်က ကျယ်ကျယ်ပြန့်ပြန့် သုံးလာနေသလို ၂၀၂၃ နှစ်ကုန်ပိုင်းကစတင်ပြီး တရုတ်အကူအညီနဲ့ တပ်ကြပ်အဆင့်အထိ ဒရုန်းတွေ အသုံးပြုနိုင်အောင် သင်တန်းပေးလာတယ်လို့ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ ပါဝင်သူ CDM ဗိုလ်ကြီးဇင်ယော်က RFA ကို ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။