ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကဏ္ဍမှာ လာရောက်ရင်းနှီးမြှုပ်နှံကြဖို့ စစ်ခေါင်းဆောင် ဖိတ်ခေါ်

မြန်မာနိုင်ငံမှာ ရှိနေတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းတွေမှာ နိုင်ငံတကာကုမ္ပဏီတွေ အနေနဲ့ လာရောက် ရင်းနှီးမြှုပ်နှံကြဖို့ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ရုရှားနိုင်ငံမှာ ကျင်းပနေတဲ့ ၇ ကြိမ်မြော က် အရှေ့ဖျား စီးပွားရေး ဖိုရမ် (2022) မှာ မနေ့က ဖိတ်ခေါ်လိုက်ပါတယ်။

နောင်လာမယ့် သုံးနှစ်အတွင်းမှာ မြန်မာက သဘာဝဓာတ်ငွေ့ကို အခြေခံတဲ့ စက်မှု လုပ်ငန်းတွေ ပိုမိုဖွံ့ဖြိုး တိုးတက်လာမှာ ဖြစ်တဲ့အတွက် ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ် လိုသလို မြန်မာမှာ ရှာဖွေ ဖော်ထုတ်ခြင်း မပြုရသေးတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့သိုက် များစွာ ကျန်ရှိနေသေးတယ်လို့လည်း သူက ပြောပါတယ်။

နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကဏ္ဍမှာ မြန်မာစစ်တပ်နဲ့ ဆက်အလုပ်လုပ်ဖို့ ဒီမိုကရေစီ အစိုးရတွေက မစဉ်းစားတော့တာကြောင့် ရုရှားကို သွားပြီးတော့ မှီခိုဖို့ စစ်ခေါင်းဆောင်က ကြိုးစားနေတာလို့ ပြောပါတယ်။

“ဒီမိုကရေစီ အစိုးရတွေနဲ့ အင်အားစုတွေကနေ စစ်ကောင်စီကို ပိတ်ဆို့ အရေးယူပြီး တော့ ထားတဲ့အတွက် စီးပွားရေးအရ ပြိုကျလုမတတ် ဖြစ်နေတဲ့ အနေအထားအောက် မှာ ရေနံ၊ ဓာတ်ငွေ့ အဖွဲ့အစည်းတွေက အကုန်ထွက်ကုန်ပြီ။ ဒီနေရာတွေကို အစားထိုး ဖို့အတွက် အားကိုးစရာက ရုရှားပဲ ရှိပါတယ်။ ရုရှားရဲ့ နည်းပညာ အကူအညီနဲ့ စီးပွား ရေးရင်းနှီးမြှုပ်နှံမှုကို အသုံးပြုပြီးတော့ ဗမာပြည်မှာ ရေနံဓာတ်ငွေ့သိုက်တွေ တူးဖော်ဖို့ အတွက် သွားရောက်ကမ်းလှမ်းနေတာပါ။ သူ့အနေနဲ့ ရုရှားက လွဲရင် ကူညီပေးမယ့်သူ မရှိပါဘူး”

ရုရှားဘက်ကနေ စစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်လာမယ်ဆိုရင်တော့ ဒါဟာ စစ်ကောင်စီအတွက် ထွက်ပေါက်တစ်ခုတော့ ဖြစ်လာနိုင်တယ်လို့ ဦးသန်းစိုးနိုင်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကမ်းလွန်ရေနံ လုပ်ကွက် ၅၁ ကွက် သတ်မှတ်ထားရှိပြီး လုပ်ကွက် ရှစ်ကွက်မှာ သဘာဝ ဓာတ်ငွေ့တွေ တူးဖော်ပြီး ပြည်တွင်း၊ ပြည်ပကို တင်ပို့ ရောင်းချ လျက် ရှိတယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မနေ့က ပြောဆို ခဲ့ပါတယ်။

ဘင်္ဂလား ပင်လယ်အော်အတွင်းမှာ သဘာဝဓာတ်ငွေ့ နှစ် ထရီလီယံ ကုဗပေကျော် တွေ့ရှိထားပြီး မကြာမီ စီးပွားဖြစ် ထုတ်ယူနိုင်တော့မှာ ဖြစ်ကြောင်းနဲ့ အလားတူ အဲဒီထက်ပိုမိုကြီးမားတဲ့ ဓာတ်ငွေ့သိုက်တစ်ခုကို တူးဖော်နိုင်ဖို့ အလားအလာတွေပါ တွေ့ထားပြီလို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

သွေးစွန်းငွေ ဖြတ်တောက်ရေး အဖွဲ့က ပြောခွင့်ရသူ ကိုရဲကတော့ စစ်အုပ်စုဟာ ဒေါ်လာ ငွေတွေကို ဒီရေနံနဲ့ သဘာဝ ဓာတ်ငွေ့လုပ်ငန်းတွေကပဲ အများဆုံး ရတာမို့လို့ ပြည်တွင်းမှာ အကြမ်းဖက်မှုတွေ ရပ်တန့်သွားဖို့ စစ်ကောင်စီနဲ့ အလုပ် တွဲမလုပ်ကြဖို့ လိုတယ်လို့ ပြောပါ တယ်။

“စစ်အုပ်စုဆီကို ဒေါ်လာဝင်ငွေက ဒီကနေပဲ အများဆုံး ရနေတာ။ ပြည်တွင်းမှာ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ ဒီဝင်ငွေတွေ သူတို့ မရဖို့ လိုတယ်။ ဒါကို နည်းမျိုးစုံနဲ့ နိုင်ငံတကာမှာ ရောက်နေတဲ့ မိသားစုတွေက အစုအဖွဲ့ မျိုးစုံက တိုက်တွန်းပြောဆို နေကြတယ်။ စာရွက်စာတမ်းနဲ့ ပြစရာ မရှိပေမယ့် ဝင်ငွေ၊ ထွက်ငွေ သုံးစွဲမှု အခြေ အနေကို ကြည့်ရင် စက်လက်နက်ပစ္စည်း တွေအတွက် သုံးစွဲတဲ့ ပိုက်ဆံသည် ဒီပိုက်ဆံ ဆိုတာသည် မြေကြီး လက်ခတ်မလွဲ ကျနော်တို့က ပြောနိုင်ပါတယ်”

ဖိနှိပ်သတ်ဖြတ်မှုတွေ ပိုကျူးလွန်နေတဲ့ မြန်မာစစ်ကောင်စီကို သံတမန်ရေး ဖိအားနဲ့တင် မလုံလောက်ဘဲ ဝင်ငွေများစွာ ရရှိနေတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းတွေကို ပိတ်ဆို့ အရေးယူဖို့ Justice for Myanmar နဲ့ Blood Money Campaign သွေးစွန်းငွေဖြတ် တောက်ရေးအဖွဲ့လို လူ့အခွင့်အရေးအဖွဲ့တွေက အစဉ်တစိုက် တောင်းဆိုနေတာပါ။

ဒီလိုတောင်းဆိုမှုတွေနဲ့ ပြည်ပဖိအားတွေကြောင့် စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ ပြင်သစ်၊ အမေရိကန်နဲ့ မလေး ရှားနိုင်ငံတို့က ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းတွေ တဖြည်းဖြည်းချင်း ပြန်ထွက်ခွာမှုတွေ ရှိခဲ့ပါတယ်။