စစ်ကောင်စီ သတ်ဖြတ်မှုကြောင့် ရေစကြိုဒေသခံ ၁၁ ဦး သေဆုံး

RFA Burmese
2025.03.09
စစ်ကောင်စီ သတ်ဖြတ်မှုကြောင့် ရေစကြိုဒေသခံ ၁၁ ဦး သေဆုံး မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသက မြေစွန်းတော်ရွာ မီးရှို့ဖျက်ဆီးခံရအပြီး မြင်ကွင်းတစ်ခုအား ၂ဝ၂၅ ခုနှစ် မတ်လ ၆ ရက်နေ့က တွေ့မြင်ရစဉ်။
Photo: Yesagyo Township Info Committee

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသက မြေစွန်းတော်ရွာကို စစ်ကောင်စီတပ်ကဝင်ရောက်စီးပြီး ဒေသခံတွေကိုသတ်ဖြတ်သွားတာကြောင့် သေဆုံးသူ ၁၁ ဦးအထိရှိနေပြီလို့ Yesagyo Township Info Committee အဖွဲ့က မတ်လ ၉ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။

ပခုက္ကူအခြေစိုက် အမှတ် (၁၀၁) ခြေမြန်တပ်မဌာနချုပ်နဲ့ ရေစကြိုမြို့နယ်က ခြေမြန်တပ်ရင်းတွေဖြစ်တဲ့ (ခမရ ၂၅၆)၊ (ခမရ ၂၅၇)၊ (ခမရ ၂၅၈) တပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မြေစွန်းတော်ရွာထဲကို မတ်လ ၂ ရက်၊ ၃ ရက်နေ့နဲ့ ၄ ရက်နေ့တွေမှာ သုံးရက်ဆက်တိုက် စစ်ကြောင်းထိုးပြီး ဒေသခံတွေကို သတ်ဖြတ်သွားတဲ့အပြင် နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

မတ်လ ၅ ရက်နေ့က ဒေသခံတွေ ရွာတွင်းပြန်လည်ဝင်ရောက်ခဲ့ပြီး မြေစွန်းတော်ရွာက အရပ်သား ငါးဦးရဲ့ ရုပ်အလောင်းတွေကို ကနဦး တွေ့ရှိခဲ့တာဖြစ်ပါတယ်။ သတ်ဖြတ်ခံခဲ့ရသူ ဒေသခံ ရုပ်အလောင်း ခြောက်ခုကို ထပ်မံတွေ့ရှိခဲတာကြောင့် သေဆုံးသူ ၁၁ ဦးအထိ ရှိလာတာဖြစ်ကြောင်း မတ်လ ၉ ရက်နေ့က ထုတ်ပြန်ခဲ့တာပါ။

မြေစွန်းတော်ရွာက ဒေသခံသက်ကြီးရွယ်အိုတွေ သတ်ဖြတ်ခံခဲ့ရတာလို့ Yesagyo Township Info Committee တာဝန်ရှိသူတစ်ဦးက‌ ပြောပါတယ်။

"ရေလယ်ကျွန်းဆို အာဏာသိမ်းပြီးကတည်းက စစ်ကြောင်း အကြိမ်ကြိမ်ထိုးနေတာ။ ရွာအများစုက ကိုယ်ကျေးရွာကာကွယ်ဖို့ တပ်ဖွဲ့တွေနဲ့ တည်ငြိမ်အေးချမ်းဖို့ ဆောင်ရွက်နေကြရတာပါ။ မြေစွန်းတော်လူသတ်မှုကတော့ အပြစ်မဲ့ပြည်သူတွေ သက်ကြီးရွယ်အိုတွေပါ၊ အတော်ကို ယုတ်ယုတ်မာမာ ရက်ရက်စက်စက်လုပ်သွားတာပါ"

သတ်ဖြတ်ခံရသူ ၁၁ ဦးရဲ့ အသက်နဲ့ အမည်စာရင်းတွေကိုလည်း ထုတ်ပြန်ထားပြီး အသက် ၆၀ ကျော်အရွယ် ရှစ်ဦးနဲ့ အသက်ခြောက်ဆယ်အောက် သုံးဦး သေဆုံးခဲ့တာဖြစ်ပါတယ်။

ဒေသခံတွေ သတ်ဖြတ်မီးရှို့ခံရတာနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံမဖြေဆိုပါဘူး။

စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးမီးရှို့တာကြောင့် မြေစွန်းတော်ရွာအပါအဝင် ဇရပ်နီနဲ့ သာဂေါင်ရွာတွေဟာ ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခံရပြီး နေအိမ် ခြောက်ရာနီးပါးပျက်စီးသွားတဲ့အပြင် ဒေသခံတစ်သောင်းကျော်ဟာလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။