မြန်မာနိုင်ငံ ထာဝရငြိမ်းချမ်းရေးအတွက် ဆွေးနွေးဖို့ အခုလာမယ့် ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့မှာ တစ်နိုင်ငံလုံးအပစ်ရပ်ရေး NCA စာချုပ်ကို သဘောတူလက်မှတ် ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရော၊ NCA လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေကိုပါ ဖိတ်ခေါ်တယ်လို့ အာဏာသိမ်းစစ်ကောင်စီက ဖေဖော်ဝါရီလ ၆ ရက်နေ့စွဲနဲ့ ကြေညာချက် ထုတ်ပါတယ်။ ဒီဆွေးနွေးမှုမှာ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားတဲ့ အဖွဲ့အစည်းတွေတော့ ပါမှာမဟုတ်ဘူးလို့ ဆိုပါတယ်။
အကြမ်းဖက်မှုတွေ ဆက်တိုက်လုပ်နေတဲ့ စစ်ကောင်စီက ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကမ်းလှမ်းတာဟာ ရိုးသားမှု မရှိဘူးလို့ အမျိုးသား ညီညွတ်ရေးအစိုးရ NUG ရဲ့ အာဆီယံဆိုင်ရာ သံအမတ် ဦးဘိုလှတင့်က တုံ့ပြန်ပါတယ်။
"စကစ အနေနဲ့ ကိုယ်ကပဲ ငြိမ်းချမ်းရေး လိုလားသလိုလို လုပ်တာကို ကျနော်တို့က အပြုသဘောဆောင်တယ်လို့ မယုံကြည်ဘူး။ နိုင်ငံရေး အကျိုးအမြတ်ထုတ်ဖို့ ကြိုးပမ်းမှုတစ်ရပ်ဖြစ်တယ်လို့ မြင်ပါတယ်။ အင်မတန်ပြင်းထန်တဲ့ ထိုးစစ်တွေနဲ့ ရွာလုံးကျွတ် မီးရှို့တာတွေ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေက ဆက်နေတယ်။ အပြောတခြား အလုပ်တခြား လုပ်နေတဲ့ စကစရဲ့ ထုတ်ပြန်ကြေညာချက်ကို ဘယ်လိုနည်းနဲ့မှ Credit မပေးနိုင်ဘူး။ အသိအမှတ်မပြုနိုင်ဘူး"
စစ်ကောင်စီက ဖိတ်ဖေါ်ထားတဲ့ ပြည်ထောင်စုနေ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ဆွေးနွေးမယ့် အကြောင်းအရာတွေကို ကြိုတင်ကန့်သတ်မထားဘဲ တတ်နိုင်သလောက် လွတ်လွတ် လပ်လပ် ဆွေးနွေးမယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့နဲ့ ဒီမိုကရေစီလမ်းကြောင်းကို ပြန်သွားနိုင်ရေး သက်ဆိုင်ရာအဖွဲ့အစည်းတွေအားလုံး တွေ့ဆုံဆွေးနွေးကြဖို့ ဒေသတွင်းက အာဆီယံအသင်းအပါအဝင် ကုလသမဂ္ဂနဲ့ နိုင်ငံတကာက တိုက်တွန်းမှုတွေ မပြတ်ရှိနေပါတယ်။
အာဏာသိမ်းတာ တစ်နှစ်ပြည့်လာခဲ့ပြီး နိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ဖြစ်တဲ့ တိုက်ပွဲတွေ အရှိန်မြင့်လာနေတဲ့အချိန်မှာ စစ်ကောင်စီဘက်က ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကမ်းလှမ်းချက် ထွက်လာခဲ့တာပါ။ စစ်ကောင်စီရဲ့ဖိတ်ခေါ်ချက်ကို ဘယ်အဖွဲ့တွေက လက်ခံမလဲဆိုတာတော့ မသိရသေးပါဘူး။