မိုင်းရှူးမြို့က SSPP တပ်စခန်းတွေကို စစ်ကောင်စီက ဆုတ်ခွာခိုင်းထား

ရှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ်အတွင်းက လွိုင်နိုင်းရွာနဲ့ မိုင်းအော်ရွာတွေကို ဆက်သွယ်ဖောက်လုပ်ထားတဲ့ ကားလမ်းပေါ်က ရှမ်းပြည်တပ်မတော် SSPP ရဲ့ တပ်စခန်းသုံးခုကို စစ်ကောင်စီတပ်ဘက်က ဇွန်လ ၁၀ ရက် နောက်ဆုံးထားပြီး ဆုတ်ခွာခိုင်းနေတယ်လို့ SSPP က ပြောပါတယ်။

ဇွန်လ ၅ ရက်က စစ်ကောင်စီဘက်ကနေ အကြောင်းကြားလာတယ်လို့ SSPP ပြောခွင့်ရသူ ဒု-ဗိုလ်မှူးကြီး စိုင်းဆုက RFA ကို ပြောပါတယ်။

“ရ.လ.ခ တိုင်းမှူးရဲ့ တင်ပြချက်အရဆိုပြီး ဒု-ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီက အခုလို အကြောင်း ကြားလာတာပါ။ ဒါက ဘယ်လိုမှ မဖြစ်နိုင်တဲ့အရာ ဖြစ်ပါတယ်။ ပြဿနာရှာသလို ဖြစ်နေတာပေါ့နော်။ ကျနော်တို့ ပြန်ပြီး အကြောင်းပြန်ထားတယ်၊ ဘယ်လို ဆက်ဖြစ်မယ်ဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ”

အပြန်အလှန် ညှိနှိုင်းနေဆဲဖြစ်ပြီး ဒီဖြစ်စဉ်ကြောင့် အောက်ခြေမှာ စစ်ရေးတင်းမာလာရင် စစ်ကောင်စီက ဖိတ်ခေါ်ထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်နိုင်ရေး ထိခိုက်နိုင်တယ်လို့ ဒု-ဗိုလ်မှူးကြီး စိုင်းဆု က ပြောပါတယ်။

စစ်ကောင်စီက ဆုတ်ခွာခိုင်းတဲ့နေရာတွေဟာ SSPP အတွက် လုံခြုံရေး၊ စစ်ရေးအရ အရေးပါတဲ့ နေရာဖြစ်နေပြီး စစ်ကောင်စီဘက်က ငြိမ်းချမ်းရေးဆွေးနွေးမှု မလုပ်ခင် ဖိအားပေးတဲ့သဘောပဲလို့ ရှမ်းပြည်နယ်အတွင်းက တိုင်းရင်းသားအရေး လေ့လာသူတစ်ဦးက သုံးသပ်ပါတယ်။

မိုင်းရှူးမြို့နယ်အတွင်း SSPP တပ်စခန်းတွေ ဆုတ်ခွာခိုင်းတဲ့ ကိစ္စအတွက် စစ်ကောင်စီ ပြောခွင့်ရသူကို RFA က ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်းကလည်း SSPP နဲ့ RCSS ရှမ်းလက်နက်ကိုင်တပ်ဖွဲ့တွေ စစ်ရေးတင်းမာခဲ့တဲ့ ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့နယ် ဆနင်းတောင်ကြောက SSPP တပ်တွေကို ဆုတ်ခွာပေးဖို့ စစ်ကောင်စီ က မတ်လ ၃၁ ရက်နေ့မှာ တောင်းဆိုခဲ့ပါသေးတယ်။