ပြည်ပသွားမဲ့လူငယ်တွေ ရန်ကုန်လေဆိပ်မှာ ကန့်သတ်ခံရ

RFA Burmese
2024.08.03
ပြည်ပသွားမဲ့လူငယ်တွေ ရန်ကုန်လေဆိပ်မှာ ကန့်သတ်ခံရ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြည်ပထွက်ခွာမည့်သူများအား ၂၀၂၄ ခုနှစ်၊ ဇွန်လအတွင်းက တွေ့ရစဥ်။
Photo: RFA

ပြည်ပကိုထွက်ခွာမဲ့ လူငယ်တွေကို သြဂုတ်လ ၁ ရက်နေ့ကစလို့ အထောက်အထား မပြည့်စုံလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြည်ပထွက်ခွာခွင့်ကို ကန့်သတ်ထားပြီး အာဏာပိုင်တွေက လေဆိပ်ကနေ ပြန်လွှတ်တာတွေ ရှိနေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

အလုပ်သမား နိုင်ငံကူးလက်မှတ် (PJ) ကိုင်ဆောင်ထားပြီး အထောက်အထားအပြည့်အစုံပါပေမဲ့ အသက် ၂၃ နှစ်ကနေ ၃၅ နှစ်အတွင်း လူငယ်တွေကို လေယာဥ်ပေါ်တက်ခွင့်မပေးဘဲ ပြန်လွှတ်နေတာလို့ ရန်ကုန်မြို့ခံတစ်ဦးက ပြောပါတယ်။

“၁ ရက်နေ့ကစပြီး PJ နဲ့ OWIC ကတ်တွေနဲ့ ဟိုဘက်က အလုပ်ခေါ်စာအပြည့်အစုံနဲ့ သွားတဲ့သူတွေကို ပေးမထွက်တော့ဘူး။ သူတို့ ဘယ်လိုညွှန်ကြားချက်တွေ ရှိလဲတော့ မသိဘူး။ လဝက မဟုတ်ဘူး။ လေဆိပ်ဝင်ပေါက်မှာ SB (သတင်းရဲတပ်ဖွဲ့) ကစစ်ပြီး အသက်အရွယ် ကန့်သတ်တယ်။ ၂၃ နှစ်ကနေ ၃၅ နှစ်အတွင်းဆိုရင် ပြန်လွှတ်တယ်”

သြဂုတ်လ ၁ ရက်နေ့မှာ အမျိုးသားတွေကိုပဲ ပြန်ရွေးလွှတ်ပေမဲ့ ဩဂုတ်လ ၂ ရက်နေ့မှာတော့ အမျိုးသမီးတွေကိုပါ ပြန်လွှတ်တာတွေ ရှိနေတယ်လို့ သူက ပြောပါတယ်။

သြဂုတ် ၃ ရက် ဒီနေ့မှာတော့ အလည်အပတ် နိုင်ငံကူးလက်မှတ် (PV) နဲ့ ထွက်ခွာမဲ့သူတွေကိုပါ အရင်ကထက် တင်းတင်းကျပ်ကျပ် စစ်ဆေးနေပြီး အထောက်အထားမပြည့်စုံရင် ပြည်ပထွက်ခွင့်မပေးတော့ဘဲ ပြန်လွှတ်တာတွေ ရှိနေတယ်လို့ ရန်ကုန်မြို့ခံတစ်ဦးက ပြောပါတယ်။

“PV သမားတွေကို လုံးဝထွက်ခွင့်မပေးတာတော့ မဟုတ်ဘူး။ ထွက်ခွင့်ရတဲ့သူလည်းရတယ်။ သူတို့ အနေအထားကို ကြည့်တယ်။ မသင်္ကာရင် ထွက်ခွင့်မပေးဘူး။ ဒီနေ့မနက်က စင်ကာပူသွားဖို့လုပ်နေတဲ့ သုံးယောက်လုံး ပြန်လွှတ်ခံရတယ်။ တဖြည်းဖြည်းနဲ့ ပိုကျပ်လာတယ်။ ရှေ့လျှောက် ပိုကျပ်ဖို့ပဲ ရှိတော့တယ်”

ပြန်လွှတ်ခံရတဲ့သူတွေအများစုဟာ ဂျပန်၊ ထိုင်းနဲ့ စင်ကာပူနိုင်ငံကို ထွက်ခွာမဲ့သူတွေဖြစ်ပြီး ပြန်လွှတ်ခံရတဲ့အရေအတွက် အတိအကျကိုတော့ မသိရသေးပါဘူး။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရန်ကုန်တိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးဌေးအောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်ကောင်စီက ဇွန် ၆ ရက်နေ့ကစပြီး အလုပ်သမား နိုင်ငံကူးလက်မှတ် (PJ) နဲ အလည်အပတ် နိုင်ငံကူးလက်မှတ် (PV) တွေကို ပြောင်းလဲခွင့်မပြုတော့သလို ပြည်ပထွက်ခွင့်ရှိတဲ့ အမျိုးသားတွေရဲ့ အသက်အရွယ်ကိုလည်း ကန့်သတ်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။