မန္တလေး-မတ္တရာ ကုန်စည်သယ်ယူခွင့် စစ်ကောင်စီ ကန့်သတ်

တိုက်ပွဲတွေရှိနေတဲ့ မန္တလေးတိုင်း မတ္တရာမြို့နယ်ထဲကို စားသောက်ကုန်အပါအဝင် ကုန်ပစ္စည်း သယ်ယူခွင့်ကို စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တွေက ကန့်သတ်ထားတယ်လို့ ကိုယ်တိုင်ကြုံရသူတွေနဲ့ ဒေသခံတွေက သြဂုတ်လ ၂၅ ရက်နေ့မှာ ပြောပါတယ်။

မန္တလေး-မတ္တရာ ကားလမ်းတစ်လျှောက်မှာရှိတဲ့ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တွေက မန္တလေးမြို့ကနေ ဈေးဝယ်ပြန်လာတဲ့ ဈေးသည်တွေနဲ့ ဒေသခံတွေရဲ့ ကုန်စည်သယ်တဲ့ကားတွေကို တင်းကျပ်ထားတာလို့လည်း ဆိုပါတယ်။

ဈေးသည်တွေဟာ စစ်ကောင်စီခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေထံမှာ ထောက်ခံစာယူရပြီး ထောက်ခံစာမှာပါတဲ့ ကုန်ပစ္စည်း အရေအတွက်ကိုပဲ သယ်ခွင့်ပေးတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အုပ်ချုပ်ရေးမှူးရုံးကနေ ထောက်ခံစာတွေယူပြီးမှ ဈေးဝယ်ကြရတယ်။ ဝယ်မဲ့စာရင်းထဲ မပါတဲ့ဟာတွေဆို ယူလို့မရဘူး။ အဓိကကတော့ ဒီလူက ဈေးရောင်းနေတဲ့သူပေါ့ဗျာ။ ထောက်ပံ့နေတဲ့သူ မဟုတ်ဘူးဆိုတဲ့ ထောက်ခံချက်မျိုးပေါ့”

စစ်ကောင်စီတပ်က မန္တလေး-မတ္တရာလမ်းပိုင်းမှာ စစ်ဆေးရေးဂိတ် ငါးဂိတ်နဲ့အထက် တိုးချထားပြီး စစ်ဆေးတာတွေလည်း အရင်ထက် တင်းကျပ်လာတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ မတ္တရာ ဒေသခံတစ်ဦးက ပြောပါတယ်။

“အစစ်အဆေးကတော့ များတယ်ရှင့်။ ဟိုတစ်နေ့က ကျွန်မ သယ်လာတဲ့ ပစ္စည်းလေးတွေပေါ့။ နှစ်ဂိတ်လောက်ကတော့ တောင်းတယ်ရှင့်။ အဲဒီနေ့ကတော့ ဖုန်းစစ်တာ ကြုံရတာပေါ့။ လမ်းမှာတော့ အနည်းဆုံး ငါးဂိတ်၊ အများဆုံး ခုနစ်ဂိတ်။ ဂိတ်တိုင်းတော့ မစစ်ဘူးပေါ့”

ပြီးခဲ့တဲ့ အစောပိုင်းရက်တွေမှာ မန္တလေးမြို့ကနေ စက်သုံးဆီ သယ်ဆောင်လာတာတွေကိုပါ ကန့်သတ်တာတွေ ရှိတယ်လို့ သူက ပြောပါတယ်။

မတ္တရာမြို့နယ်အတွင်းက ရွာတွေမှာလည်း မတ္တရာမြို့ပေါ်က စားသောက်ကုန်ပစ္စည်းတွေ ဝယ်ယူတဲ့အခါ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေမှာရှိတဲ့ ပျူစောထီး အဖွဲ့ဝင်တွေက ဖြတ်တောက်ယူထားလိုက်တာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအပြင် မန္တလေးမြို့နဲ့ စစ်ကိုင်းတိုင်းထဲက မြို့တွေကို သွားလာနေတဲ့ ခရီးသည်တွေကိုလည်း စစ်ကိုင်းမြို့အဝင် စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်က စစ်ဆေးရေး တင်းကျပ်တာ၊ တစ်နိုင်တစ်ပိုင် လောင်စာဆီသယ်ယူခွင့် ကန့်သတ်တာတွေ ရှိနေတယ်လို့ စစ်ကိုင်းတိုင်းဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

မတ္တရာမြို့နယ်ထဲမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး မတ္တရာမြို့ပေါ်အထိ တိုက်ပွဲတွေ ရောက်ရှိလာနိုင်တဲ့ သတင်းတွေကြောင့် မြို့ခံတချို့ဟာ မန္တလေးမြို့နဲ့ ဘေးလွတ်မဲ့နေရာတွေကို တိမ်းရှောင်နေထိုင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မန္တလေးတိုင်းထဲက မိုးကုတ်နဲ့ စဥ့်ကူးမြို့တွေကို တော်လှန်ရေး ပူးပေါင်းတပ်တွေက သိမ်းပိုက်ထားပြီး မတ္တရာ၊ သပိတ်ကျင်း၊ ပုသိမ်ကြီး၊ မြင်းခြံ၊ တောင်သာ၊ ငါန်းဇွန်နဲ့ နွားထိုးကြီးမြို့နယ်တွေမှာလည်း တိုက်ပွဲတွေ ရှိနေပါတယ်။