မူဆယ် ဆင်ဖြူဂိတ်မှာ တရုတ်ဘက် ယာဥ်ဝင်ခွင့် စစ်ကောင်စီ ကန့်သတ်
2024.11.29
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာရှိတဲ့ ဆင်ဖြူဂိတ်မှာ နိုဝင်ဘာ ၃၀ ရက် မနက်ဖြန်ကစပြီး နေ့စဥ် ကားအစီးရေ ငါးဆယ်နဲ့ ဆိုင်ကယ်အစီးရေ နှစ်ရာသာ မဲနှိုက်ပြီး ဝင်ခွင့်ပေးတော့မယ်လို့ စစ်ကောင်စီက ထုတ်ပြန်ကြောင်း မူဆယ်မြို့ခံ ကုန်သည်တစ်ဦးက RFA ကို ပြောပါတယ်။
တရုတ်ပြည်ဘက်ကို ဝင်ခွင့်ရဖို့အတွက် လိုင်စင်ရှိတဲ့ ကားနဲ့ ဆိုင်ကယ်တွေကို မူဆယ်မြို့က ကုန်သည်ကြီးများအသင်းမှာ စာရင်းပေးသွင်းရမှာဖြစ်တယ်လို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ကုန်သည်တစ်ဦးက ပြောပါတယ်။
“သူက ကားအစီး ငါးဆယ်၊ ဆိုင်ကယ်အစီး နှစ်ရာပေါ့နော်။ ကျွန်တော်လည်း ကျွန်တော့်ကားက မနေ့ကမှသွားပြီး မှတ်ပုံတင်ထားတာ။ သူတို့က ကန့်သတ်ချက်အတိုင်းပဲ။ မနေ့ကသွားလုပ်တာ မြန်မာလိုင်စင်ရှိရမယ်။ တရုတ်ကားတွေလည်း မရဘူ။ လိုင်စင်မဲ့လည်း မရဘူး။ ၂၀၁၈ ကတည်းက သူက covid ဖြစ်ပြီးကတည်းက မူဆယ် ကညနက ပိတ်သွားပြီလေ။ သူက ငါးနှစ်မကျော်သေးတဲ့ ဆိုင်ကယ်တွေကိုပဲ ဝင်ထွက်ခွင့်ပေးတာ။ ငါးနှစ်အထက်က လိုင်စင်မဲ့ ဖြစ်သွားတယ်။ ဒီလိုဆိုရင်တော့ မလွယ်တော့ဘူး။ အစီး နှစ်ရာထဲမှာက သူတို့ ဝန်ထမ်းတွေလည်း ပါတယ်။ ဒီတိုင်းဆိုရင် ဘာမှလုပ်စားလို့မရတော့ဘူး”
ကန့်သတ်ချက်တွေမရှိခင်က တရုတ်ဘက်ကို မြန်မာဘက်ခြမ်းကနေ နေ့စဥ် ကားနဲ့ဆိုင်ကယ် အစီးရေ နှစ်ရာနီးပါး ဝင်ထွက်နေပြီး စစ်ဆေးတားဆီးတာတွေ မရှိဘူးလို့ ဆိုကြပါတယ်။
အခုလို ကန့်သတ်လိုက်တာကြောင့် တရုတ်ကနေ မြန်မာဘက်ခြမ်းကို ပစ္စည်းသယ်ပြီး စားဝတ်နေရေး ဖြေရှင်းနေတဲ့ မူဆယ်ဒေသခံတွေ စားဝတ်နေရေး ပိုပြီးခက်ခဲသွားနိုင်တယ်လို့လည်း ဆိုကြပါတယ်။
မူဆယ်မြို့မှာရှိတဲ့ စစ်ကောင်စီ အာဏာပိုင်တွေနဲ့ တရုတ်ဘက်က အာဏာပိုင်တွေ ပူးတွဲ အသိပေးချက်ထဲမှာတော့ ဒီဇင်ဘာ ၁ ရက်နေ့ကစပြီး ကုန်ပစ္စည်းတင်တဲ့ ဆိုင်ကယ်နဲ့ ကားသမားတွေဟာ နှစ်နိုင်ငံ အာဏာပိုင်တွေရဲ့ ထောက်ခံချက် ပါရမှာဖြစ်ပြီး မူဆယ်မြို့အတွင်းမှာပဲ အသုံးပြုဖို့ အသီးအနှံနဲ့ သားငါးတွေကို ခွင့်ပြုမယ်လို့ ဖော်ပြထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိပါဘူး။