Facebook ကိုပိတ်ပြီး အခြားလူမှုကွန်ရက် တည်ဆောက်မယ်လို့ စစ်ကောင်စီပြော
ပြည်တွင်းမှာ လူသုံးအများဆုံး လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် (Facebook) ကို ပိတ်ပြီး လူမှုကွန်ရက်မီဒီယာတစ်ခု အစားထိုး တည်ဆောက်သွားမယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဩဂုတ်လ ၁၇ ရက် ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
Facebook က အမျိုးသားရေးနဲ့ ပတ်သက်တဲ့ အကောင့်တွေ၊ ပို့စ်တွေကို ဖြုတ်ချနေတယ် လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆိုထားပြီး ဒီအတွက် အစားထိုးသုံးနိုင်ဖို့ လူမှုကွန်ရက် မီဒီယာတစ်ခု တည်ဆောက်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။
"နှစ်နည်းနဲ့ လုပ်ဆောင်နေပါတယ်။ နံပါတ်တစ်အနေနဲ့က ကန့်သတ်လိုက်တဲ့အခါမှာ ကျော်လို့ရတဲ့နည်းလမ်းနဲ့ ကျော်နေတာ ရှိပါတယ်။ VPN ခံပြီးကျော်နေတာရှိပါတယ်။ သို့သော်လည်း ဒီဟာကို ဆက်လက်လုပ်ဆောင်နိုင်ခြင်းမရှိဖို့ သက်ဆိုင်ရာဌာနတွေနဲ့ ဆောင်ရွက်နေပါတယ်။ သို့သော် အောင်မြင်မှု အပြည့်အဝ မရသေးပါဘူး။ အဲဒီနေရာကို အစားထိုးနိုင်ဖို့အတွက်လည်း ဆိုရှယ်မီဒီယာ ပလက်ဖောင်းတစ်ခုကို စီစဉ်ဆောင်ရွက် လျက် ရှိပါတယ်"
ဒီလူမှုကွန်ရက်မီဒီယာကို ပညာရှင်တွေ၊ ပြည်တွင်းက ဝန်ကြီးဌာန သုံးခုနဲ့ ပူးပေါင်းပြီး လုပ်ဆောင်မယ်လို့ ပြောထားပါတယ်။
စစ်ကောင်စီက လူမှုကွန်ရက်မီဒီယာ လုပ်မယ်ဆိုတာဟာ အဓိပ္ပာယ်မရှိသလို ဒီလို လုပ်နိုင်ရင်တောင် သုံးကြမှာမဟုတ်ဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ Content Writer အဖြစ် လုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။
"အဓိပ္ပာယ်ရှိတယ်လို့ကို မထင်ပါဘူး။ Facebook ကို ပိတ်လိုက်တယ်ပဲ ထားပါဦး တခြား Platform တွေမှ အများကြီး။ သူတို့ကိုယ်ပိုင်ထွင်မယ်ဆိုတဲ့ဟာကြီးကိုတော့ ကျနော်တို့ လုံး၀ သုံးစရာ အကြောင်းလည်းမရှိဘူး။ Facebook က တပ်ထိပ်ပိုင်း ခေါင်းဆောင်တချို့ရဲ့ Personal Account တွေ၊ သတင်းမှန်ပြန်ကြားရေး Page တွေ၊ တခြားသောသူတို့ရဲ့ ဝါဒဖြန့်မယ့် မီဒီယာအမည်ခံတွေကို လိုက်ဖျက်ချနေလို့ ခုလို ပြောတာပဲ ထင်ပါတယ်။ သူတို့ အဲဒီလိုမျိုး လုပ်နိုင်တဲ့ အဆင့်ထိလည်း ရောက်သွားမယ် မထင်ပါဘူး"
စစ်ကောင်စီအနေနဲ့ လက်ရှိမှာလည်း Facebook ကို ပိတ်ပင်ထားပေမယ့် မအောင်မြင် သေးဘူးလို့ စစ်ကောင်စီပြောခွင့်ရသူက ဝန်ခံပါတယ်။
ဒါ့အပြင် ရုရှားနိုင်ငံက သေနတ်ပစ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ စစ်ကောင်စီတပ်သား တွေရဲ့ သတင်းပို့စ် ဖြုတ်ချခံရတာနဲ့ ပတ်သက်လို့လည်း Facebook ကုမ္ပဏီကို ဗိုလ်ချုပ် ဇော်မင်းထွန်းက ဝေဖန်ခဲ့ပါတယ်။
စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက်ပိုင်း အင်တာနက်နဲ့ ဖုန်းလိုင်းတွေကို ဖြတ်တောက် တာ၊ အချိန်ကန့်သတ်တာတွေအပြင် Facebook အပါအဝင် လူမှုကွန်ရက်မီဒီယာတချို့ကို ပြည်တွင်းကနေ အသုံးမပြုနိုင်အောင် ကန့်သတ်ထားပါတယ်။
အင်တာနက် အသုံးပြုတဲ့နေရာကို ကျော်လွှားနိုင်တဲ့ VPN (Virtual Private Network) အသုံးပြုတဲ့သူတွေကိုလည်း ထောင်သုံးနှစ်အထိ ချမှတ်နိုင်တဲ့ ဆိုက်ဘာလုံခြုံရေး ဥပဒေ မူကြမ်းကို ပြင်ဆင်ဆောင်ရွက်နေသလို တစ်ဖက်မှာလည်း လက်ကိုင် စမတ်ဖုန်းတွေမှာ VPN အက်ပလီကေးရှင်း ရှိ၊ မရှိကိုပါ စစ်ဆေးမှုတွေလည်း ဒီနှစ် ဇန်နဝါရီလကစပြီး လုပ်ဆောင်ခဲ့ပါတယ်။
လက်ရှိမှာတော့ Facebook ကို မြန်မာနိုင်ငံတစ်ဝန်းက သုံးစွဲသူပေါင်း ၁၉ ဒသမ ၂၅ သန်းက သုံးစွဲနေတယ်လို့ DataReportal ဝက်ဘ်ဆိုက်ရဲ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့ထုတ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။