မာန်အောင်ကျွန်းမှာ ULA/AA နဲ့ ပတ်သက်သူတွေကို ဖမ်းဆီးဖို့ စစ်ကောင်စီတပ် ရှာဖွေနေ

2022.07.31
မာန်အောင်ကျွန်းမှာ ULA/AA နဲ့ ပတ်သက်သူတွေကို ဖမ်းဆီးဖို့ စစ်ကောင်စီတပ် ရှာဖွေနေ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးကို ၂၀၁၂ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့က ရခိုင်ပြည်နယ်မှာ တွေ့ရစဉ်
Photo: REUTERS

ရခိုင်ပြည်နယ် မာန်အောင်ကျွန်းပေါ်က ရွာတချို့မှာ ရက္ခိုင့်တပ်တော် (AA) နဲ့ AA ရဲ့ နိုင်ငံရေး ဦးဆောင်အဖွဲ့ဖြစ်တဲ့ ULA တို့နဲ့ မပတ်သက်ဖို့၊ မထောက်ခံဖို့ ပြောဆိုတာတွေ ရှိတဲ့အပြင် ဆက်စပ်သူအချို့ကိုလည်း စစ်ကောင်စီဘက်က အပြင်းအထန် ရှာဖွေနေတယ် လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ ရက်နေ့ကလည်း မာန်အောင်မြို့နယ်မှာရှိတဲ့ ကမုံတောင် ခမရ (၃၄၄) တပ်ရင်းက စစ်ကောင်တပ်သားတချို့နဲ့ ရဲတပ်ဖွဲ့ဝင်တွေအပြင် ရွာအုပ်ချုပ်ရေးမှူးတွေဟာ သစ်ပုံရွာထဲက ကျူရှင်ဆရာကို ဖမ်းဆီးဖို့ လာရှာခဲ့တယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"၂၆ ရက်နေ့က ရွာကကျုရှင်သင်တဲ့ဆရာကို လာရှာတယ်၊ သူကျုရှင် ဘယ်မှာလဲလိုက်ပြ ဆိုပြီး ညီမလုပ်သူကို ခေါ်သွားတယ်။ စစ်ဆေးတယ်။ ဖုန်းနံပါတ်တွေ တောင်းတယ်။ ညီမလုပ်သူက မသိဘူး၊ ဖုန်းကလည်း မရှိဘူး၊ ဘယ်သွားလဲ မသိဘူးလို့ပြောတော့ အိမ်ပြန်ရောက်လာရင် သတင်းပေးပါဆိုပြီး ပြန်သွားကြတယ်"

အဲဒီကျုရှင်ဆရာဟာ မာန်အောင်မြို့နယ်က စစ်ဘေးရှောင်တွေရဲ့ စားနပ်ရိက္ခာ အခက်အခဲ အတွက် ကူညီဆောင်ရွက်ပေးခဲ့ပေမယ့် ပြစ်မှုကျုးလွန်ထားတာမျိုးတော့ မရှိဘူးလို့ ဒေသခံက ဆိုပါတယ်။

ဒီနေ့အထိလည်း ULA/AA နဲ့ ဆက်စပ်နေသူတွေအပြင် တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီး ဖို့ မာန်အောင်မြို့နယ်ထဲက ရွာတွေထဲ ဝင်ရောက်ရှာဖွေနေတာကြောင့် အချို့ကတော့ တောတောင်တွေထဲ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ် မာန်အောင်ကျွန်းပေါ်မှာ ရွာပေါင်း ၁၃၇ ရွာရှိပြီး လူဦးရေ ခြောက်သောင်း ကျော် နေထိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။