နွားထိုးကြီးတိုက်ပွဲမှာ စစ်ကောင်စီတပ်က နှစ်ဆယ်ကျော်သေဆုံးကြောင်း NUG ထုတ်ပြန်

RFA Burmese
2025.01.30
နွားထိုးကြီးတိုက်ပွဲမှာ စစ်ကောင်စီတပ်က နှစ်ဆယ်ကျော်သေဆုံးကြောင်း NUG ထုတ်ပြန် မန္တလေးတိုင်း မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ် တိုက်ပွဲအတွင်း ဖမ်းဆီးမိခဲ့သည့် တပ်မ-၉၉ လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် လက်နက်ခဲယမ်းများအား ၂ဝ၂၅ ခုနှစ် ဇန်နဝါရီလ ၃ဝ ရက်နေ့က NUG အမှတ်-၁ စစ်ဒေသက ထုတ်ပြန်ထားစဉ်။
ဓာတ်ပုံ - အမှတ်-၁ စစ်ဒေသ

မန္တလေးတိုင်း မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ်မှာ အင်အား ငါးဆယ်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကာကွယ်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်သား ၂၂ ဦး သေဆုံးပြီး ရှစ်ဦးဖမ်းမိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ အမှတ် ၁ စစ်ဒေသက ဇန်နဝါရီ ၃၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

တိုက်ပွဲအတွင်း သုံ့ပန်းရှစ်ဦး ဖမ်းမိခဲ့တယ်လို့ နွားထိုးကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

"ပြင်စည်က ထွက်လာတဲ့စစ်ကြောင်းကို မြတောင်ရွာနဲ့ စိန်ပန်းကန်ရွာကြားမှာ ကျွန်တော်တို့ ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာပါ။ မနက်ခင်း ဆယ်နာရီလောက်ကနေ နေလယ်နှစ်နာရီလောက်ထိ ဖြစ်ခဲ့တာပါ။ ကျွန်တော်တို့ဘက်က ထိခိုက်ဒဏ်ရာရတာတော့ မရှိပါဘူး။ သုံ့ပန်းအနေနဲ့ အရှင်ရှစ်ယောက်ဖမ်းမိတယ်။ သူတို့ဘက်က အလောင်း ၂၁ လောင်း သိမ်းဆည်းရမိတာ ရှိပါတယ်"

စစ်ကောင်စီတပ်မ ၉၉ လက်အောက်က ခြေမြန်တပ်ရင်း ခမရ ၁၄၊ ၁၅ နဲ့ ရဲတပ်ရင်းတွေပါဝင်တဲ့ အင်အား ငါးဆယ်ပါ စစ်ကြောင်းကို ဇန်နဝါရီလ ၃၀ ရက်နေ့က ကြားဖြတ်တိုက်ခိုက်တာဖြစ်ပါတယ်။

မြင်းခြံခရိုင်တပ်ရင်း ၄၊ ၁၀ နဲ့ နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်က ဗိုလ်ကြီး အောင်ဇော်မင်းအပါအဝင် ၂၁ ဦး သေဆုံးခဲ့သလို ဗိုလ်မှူးရန်လင်းအောင်လည်း ဒဏ်ရာတွေနဲ့ ဆုတ်ခွာရင်း သေဆုံးသွားတယ်လို့လည်း ဖော်ပြထားပါတယ်။

ဒါ့အပြင် သုံ့ပန်းရှစ်ဦးကိုဖမ်းမိခဲ့သလို လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ထိခိုက်သေဆုံးတာတွေနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

တိုက်ခိုက်ခံရတဲ့ စစ်ကြောင်းက အရပ်သားတွေကို ဓားစာခံအဖြစ်ဖမ်းဆီးလာတဲ့အပြင် တိုက်ပွဲမှာလည်း စစ်ကောင်စီက လေကြောင်းကနေ ပစ်ကူပေးခဲ့တယ်လို့လည်း ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။