စစ်ကောင်စီက ခန့်အပ်ခဲ့တဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးလှစိုးအပါအဝင် စီးပွားရေးရာ ဝန်ကြီးဟောင်း ဦးအောင်သန်းဦးနဲ့ တိုင်းအတွင်းရေးမှူး ဦးစိုးစိုးဇော်တို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့် ထားတယ်လို့ စစ်ကောင်စီရဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ဇွန်လ ၁၅ ရက် မနေ့က သတင်း ထုတ်ပြန်ပါတယ်။
စစ်ကောင်စီခန့် ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဟောင်း ဦးလှစိုးဟာ မြေနေရာချထားပေးရေးကိစ္စတွေနဲ့ ပတ်သက်လို့ သူ့လက်အောက်က စီးပွားရေးရာဝန်ကြီးဟောင်း ဦးအောင်သန်းဦးဆီက လာဘ်ငွေ ကျပ်သိန်း ၂၅၀၀ လက်ခံရယူ တာနဲ့ မြို့နယ်တချို့က မြေကွက်တွေရောင်းတဲ့ချနေရာမှာ လုပ်ထုံး လုပ်နည်းအတိုင်း မလုပ်တာတွေကြောင့် အရေးယူတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဦးအောင်သန်းဦးကတော့ မြေကွက်လျှောက်ထားရေးကိစ္စတွေနဲ့ ပတ်သက်လို့ ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင် တစ်ဦးဆီကနေ လာဘ်ငွေ ကျပ်သိန်း ၅၀၀၀ ရယူခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီခန့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်ကတော့ မြောက်ဒဂုံမြို့နယ်က မြေဧက ၃၂ ဧကကို အငြိမ်းစားပုဂ္ဂိုလ်တစ်ဦးအမည်နဲ့ လျှောက်ထားတဲ့အခါ မြေကွက်ချထားပေးနိုင်ရေး ကူညီဆောင်ရွက်ပေးခဲ့ပြီး မြေကွက်ဂရန်ရရှိတဲ့အခါ ပြန်ရောင်းလို့ ရတဲ့ အမြတ်ငွေရဲ့ ၂၀ ရာခိုင်နှုန်းရယူဖို့ သဘောတူညှိနှိုင်းဆောင်ရွက်မှုတွေကြောင့်လို့ ဆိုပါတယ်။
အခုဖြစ်ရပ်တွေကြောင့် ဦးလှစိုးနဲ့ ဦးအောင်သန်းဦးတို့ကို အဂတိလိုက်စားမှုပုဒ်မ တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅၊ ဦးစိုးစိုးဇော်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅/၆၃၊ ပုဒ်မ ၅၆ တို့နဲ့ ရန်ကုန်တိုင်းက သက်ဆိုင်ရာ ရဲစခန်းအသီးသီးမှာ အမှုဖွင့်အရေးယူထားတယ်လို့ ထုတ်ပြန် ထားပါတယ်။
ဦးလှစိုးဟာ မြေကိစ္စအရှုပ်အရှင်းတွေကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၁ ရက်နေ့ကတည်းက ရာထူးက နုတ်ထွက်ပေးခဲ့ရတာလို့ သူနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဦးအောင်သန်းဦးကိုတော့ ဇွန်လ ၁၀ ရက်နေ့ကစပြီး ရာထူးတာဝန်က ရပ်စဲလိုက်တယ်လို့ စစ်ကောင်စီ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက ဇွန်လ ၁၃ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။