စစ်ကြောရေးမှာ သေဆုံးသူ ၂၅ ဦး အထိရှိလာ

စောဖိုးခွား(ဝါရှင်တန် ဒီစီ)
2021.06.21

ဖေဖေါ်ဝါရီ(၁)ရက် စစ်အာဏာသိမ်းချိန်ကနေ ဇွန်လ(၂၀)ရက် မနေ့ကထိ လေးလကျော်ကာလအတွင်း ရဲနဲ့ စစ်တပ်က ဖမ်းဆီးနှိပ်စက်တာကြောင့် စစ်ကြောရေးမှာ သေဆုံးသူ ၂၅ ဦးအထိ ရှိနေပါပြီ။

နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP နဲ့ RFA ကနေ သီးသန့်ကောက်ယူထားတဲ့ စာရင်းတွေအရ ဖေဖေါ်ဝါရီ(၁)ရက် စစ်အာဏာသိမ်းချိန်ကနေ ဇွန်လ(၂၀)ရက် မနေ့ကထိ လေးလကျော် ကာလအတွင်း ရဲနဲ့ စစ်တပ်က ဖမ်းဆီးနှိပ်စက်တာကြောင့် စစ်ကြောရေးမှာ သေဆုံးခဲ့သူ စုစုပေါင်း ၂၅ ဦး အထိရှိနေပါပြီ။

အခုနောက်ဆုံး သေဆုံးခဲ့သူကတော့ ဇွန်လ(၁၉)ရက် ညသန်းခေါင်ကျော်မှာ အဖမ်းခံရပြီးနောက် ဇွန်လ(၂၀) ရက် မနက်အစောပိုင်းမှာ သေဆုံးခဲ့တဲ့ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်က ကိုသက်ပိုင်ထူး(ခေါ်)အလီ ဖြစ် ပါတယ်။

ဗဟန်းမြို့နယ် ဆာဖိုးသာခြံလမ်းမှာနေထိုင်တဲ့ သက်ပိုင်ထူး(ခေါ်)အလီကို ဆန္ဒပြလှုပ်ရှားမှုမှာမှာ ပါဝင် တယ်ဆိုပြီး ဇွန်လ ၁၉ ရက် ည ၁၂ နာရီလောက်မှာ၊ ရဲနဲ့စစ်တပ်က သေလုမျောပါး ရိုက်နှက်ပြီး ဖမ်းဆီး သွားတာလို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီနောက် ဇွန်လ ၂၁ ရက် ဒီနေ့မနက်ပိုင်းမှာတော့ စစ်ကြောရေးမှာ အလီ သေဆုံးသွားတာကြောင့် အလောင်းလာထုတ်ဖို့ ဗဟန်းရဲစခန်းက မိသားစုကို အကြောင်းကြားခဲ့ကြောင်း လုံခြုံရေးအရ အမည်မဖော် လိုတဲ့ ရပ်ကွက်နေပြည်သူတစ်ဦးက RFA ကို ပြောပါတယ်။

သူက အရင်က Defence လိုင်းတွေမှာ ပါခဲ့ဖူးတော့ သူ့ကို အရင်တုန်းက စစ်ကြောရေးရောက်တဲ့ သူတွေထဲက တစ်ယောက်က အလီလည်း ဒီထဲမှာပါတယ်ဆိုပြီး ထွက်ဆိုထားတာရှိတယ်နဲ့တူတယ်။ ဒါကြောင့် ည ၁၀ နာရီလောက်မှာ ရပ်ကွက်ထဲလာဖမ်းတော့ မတွေ့ဘူး။ ပြန်ထွက်သွားပြီး ၁၁ ခွဲကျော် ကျော်လောက်မှာ ပြန်ဝင်လာပြီးတော့ အလီအိမ်ကို လာရှာတော့ တွေ့ပြီး ဖမ်းခေါ်သွားတယ်။ အလီကို ညကတည်းက ဖမ်းသွားတယ်။ ဖမ်းပြီး စစ်ကြောရေးမှာ မေးတယ်နဲ့တူတယ်။ နောက်နေ့ပြန်သိရတဲ့အခါ ကျတော့ မိသားစုကို အလောင်းလာထုတ်ဖို့ ရပ်ကွက်နေတဆင့် ရဲတွေက အကြောင်းကြားတယ်။ မနက် မိုးလင်းခါနီး မနက် ၂ နာရီ ၃ နာရီဝန်းကျင်လောက် ဆုံးသွားတယ်လို့ သိရတယ်။  အခုတော့ နာရေးကိစ္စ လုပ်ဖို့ သိရတယ်။

စစ်ကြောရေးမှာ ဒီလိုအသက်သေတဲ့အထိ ညှဉ်းပန်းနှိပ်စက်တာဟာ နိုင်ငံတကာအကြမ်းဖက်အဖွဲ့တွေ လုပ်လေ့ရှိတဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှု Crime Against Humanity ဖြစ်တယ်လို့ AAPP က ပြောထားပါတယ်။

"မိသားစုကို အလောင်းလာထုတ်ဖို့ ရပ်ကွက်နေတဆင့် ရဲတွေက အကြောင်းကြားတယ်"

ရဲနဲ့စစ်တပ်ရဲ့ ဖမ်းဆီးနှိပ်စက်မှုကြောင့် စစ်ကြောရေးစခန်းမှာ ၂၄ နာရီအတွင်း သေဆုံးခဲ့သူတွေကတော့ ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်က စု အသက်မွေးဝမ်းကျောင်းသိပ္ပံ တာဝန်ခံ ကိုဇော်မြတ်လင်း၊ ပန်းဘဲတန်း မြို့နယ် NLD ရပ်ကျေးအဖွဲ့ဝင် ဦးခင်မောင်လတ်၊ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် NLD အဖွဲ့ဝင် ကိုကျော် ကျော် ခေါ် ကိုအဂ္ဂမိုးညို၊ အကြမ်းမဖက် အာဏာရှင်ဆန့်ကျင်ရေးမှာ ပါဝင်ခဲ့တဲ့ မုံရွာမြို့က ကဗျာဆရာ ခက်သီ စစ်ကိုင်းတိုင်း ကလေးမြို့က သံသယနဲ့ ဖမ်းဆီးနှိပ်စက်ခံရတဲ့ သာမန်အရပ်သား ကိုမင်းမင်း၊ မြင်းခြံ မြို့နယ် ကွမ်းစိုက်ရွာသားတွေဖြစ်တဲ့ ကိုချစ်ကို၊ ဦးစိန်ဝင်းနဲ့ အလီတို့ အပါအဝင် စုစုပေါင်း ၂၅ ဦး ဖြစ်ပါတယ်။

သက်ထူးပိုင်(ခေါ်)အလီ ကို လာဖမ်းချိန်မှာလည်း စစ်ကောင်စီတပ်တွေ ရုတ်တရက် ရပ်ကွက်ထဲဝင်လာ တာကြောင့် ကြောက်လန့်ပြီးထွက်ပြေးတဲ့ အသက်(၁၃)နှစ်အရွယ် မောင်ဖိုးစိန် ကို စစ်တပ်က ပစ်ခတ်တာ ကြောင့် သေဆုံးခဲ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိသားစုနဲ့ နီးစပ်သူတစ်ဦး က‌ ပြောပါတယ်။

သူတို့လာဖမ်းတာက တခြားတစ်ယောက်။ အဲတစ်ယောက်က မတွေ့သွားတော့ အဲဒီမှာ ခြံထဲက လူတွေ က သူတို့လာတာမြင်တော့ လန့်ဖြန့်ပြီး ပြေးကြတယ်။ မပြေးနဲ့လို့ပြောတဲ့အချိန်မှာ ပြေးတော့ ပစ်လိုက် တာ။ ပစ်လိုက်တော့ အဲဒီကလေးလေး နောက်ကျောမှန်သွားတယ်တဲ့။ နောက်ကျောမှန်သွားတော့ အဲဒီ ကလေးလေးကို မင်းဘယ်မှန်သွားတုန်းလို့ မေးသေးတယ်တဲ့။ နောက်ကျောမှန်တယ်လို့ ပြောတယ်တဲ့။ အဲဒါနဲ့ နောက်တစ်ခါ ဆက်မေးတော့ အဲဒီကလေးက မပြောနိုင်တော့ဘူး။ အဲဒီနားမှာတင် သွေးအိုင်ထဲ လဲပြီး ကလေးကို သူတို့ ကားဆီကို ဒရွတ်တိုက် ဆွဲခေါ်သွားတာတဲ့။ ကင်းဘဲလမ်းဘက်ကနေ စစ်ကား ၆ စီးနဲ့ လာတာတဲ့။

bahan-civilian.jpg
(စစ်ကြောရေးမှာ သေဆုံးသွားတဲ့ ကိုသက်ထူးပိုင်(ခေါ်)အလီ နဲ့ စစ်ကောင်စီတပ် ပစ်ခတ်တာကြောင့် သေဆုံးသွားတဲ့ မောင်ဖိုးစိန် )

မောင်ဖိုးစိန်ဟာ  မိဘမဲ့ကလေးတစ်ယောက်ဖြစ်လို့ ဆွေးမျိုးနီးစပ်တော်သူတွေနဲ့ နေထိုင်ရတာကြောင့် မောင်ဖိုးစိန်ရဲ့ ရုပ်အလောင်းကို စစ်တပ်က  ကောက်ယူသွားတယ်လို့လည်း သူက ဆိုပါတယ်။

အခုရက်ပိုင်း စစ်တပ်နဲ့ရဲက ဖမ်းသွားသူတွေ ၂၄ နာရီအတွင်း သေဆုံးတဲ့ အဖြစ်အပျက်တွေရှိလာတာကြောင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဇွန်လ ၂၀ ရက်မနက်ပိုင်းက အဖမ်းခံရတဲ့ အသက် ၁၅ နှစ်အရွယ် မောင်ကျော် မင်းခန့် လည်း စစ်ကြောရေးမှာ သေဆုံးသွားပြီဆိုပြီး သတင်းတွေ ထွက်ပေါ်လာပါတယ်။

မိခင်ဖြစ်သူက ကလေးမြို့မရဲစခန်းကို သွားရောက်မေးမြန်းချိန်မှာ မောင်ကျော်မင်းခန့် မသေဆုံးသေးဘူးလို့ စခန်းမှူးက ပြောခဲ့ပေမယ့်  စိတ်ပူမိတယ်လို့ မောင်ကျော်မင်းခန့်ရဲ့ ဖခင်က RFA ကို  ပြောပါတယ်။

မနေ့က နေ့လယ် ၁ နာရီလောက်က ကျွန်တော့်အိမ်မှာ လူမရှိခင် ဘေးအိမ်ကို ပြောသွားတာပေါ့။ ကျော် မင်းခန့် သေဆုံးသွားပြီး အလောင်းလာယူပါပြောတော့ ကျွန်တော်တို့ မနေ့ညနေ ၅ နာရီလောက်မှာ ရဲစ ခန်းကို အရင်ဆုံး သွားလိုက်တယ်။ ရဲစခန်းရောက်တော့ စခန်းမှူးက ပြောတယ်။ ရှိတယ်။ မသေသေး ဘူးလို့ ပြောတယ်။ စစ်ကြောရေးမှာရှိတယ်လို့ပဲ သိရတယ်။ ကျွန်တော့် အမျိုးသမီးကလည်း သွားတွေ့ချင် တယ် ပြောတော့ ခင်ဗျားတို့ သွားရင် ခင်ဗျားတို့ပါ အဖမ်းခံရလိမ့်မယ်။ ဘယ်သူမှမသွားနဲ့ဆိုတော့ ဘယ် သူမှ မသွားရဲကြဘူးဖြစ်နေတယ်။ အဲဒီနောက်ပိုင်းကို ဘာအဆက်အသွယ် ဘယ်လိုနေတယ် ဘယ်လိုထိုင် တယ်။ ဘာဖြစ်တယ်ဆိုတာ ဘယ်လိုမှ အဆက်အသွယ်မရဘူး။ ကျွန်တော့်သားအတွက် တော်တော်လေး စိုးရိမ်နေတယ်။

မောင်ကျော်မင်းခန့်ဟာ သူ့သူငယ်ချင်းအိမ်ရောက်နေချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်သံကြားတာ ကြောင့် အိမ်ထဲကနေထွက်လာတဲ့အချိန် အောင်မင်္ဂလာနယ်မြေ ၁ ရပ်ကွက်မှာနေထိုင်တဲ့ စစ်တပ်ထောက်ခံသူ တွေက ဖမ်းဆီးပြီး ရဲစခန်းပို့ခဲ့တာလို့ ဖခင်ဖြစ်သူက ပြောပါတယ်။

မောင်ကျော်မင်းခန့်ဟာ စစ်ကြောရေးမှာ ရှိနေသေးတယ်ဆိုရင် အသက်မပြည့်သေးသူဖြစ်တာကြောင့် အမြန် ဆုံး ပြန်လွှတ်ပေးစေချင်တယ်လို့လည်း ဖခင်ဖြစ်သူက ပြောသွားပါတယ်။

စစ်အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ ဒီကနေ့ ဇွန်လ ၂ ရက်နေ့အထိ စစ်တပ်ရဲ့ပစ်ခတ်ဖမ်းဆီးမှု၊ စစ်ကြောရေးမှာ နှိပ်စက်ညှဥ်းပန်းမှုတွေကြောင့် စုစုပေါင်း သေဆုံးသူ ၈၇ ဦးရှိပြီး ဖမ်းဆီးခံထားရသူ ၅၀၃၃  ဦးရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က သတင်းထုတ်ပြန်ထား ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။