နိုင်ငံရေးပါတီတွေ ပြည်ပအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခွင့် စစ်ကောင်စီ ကော်မရှင် ကန့်သတ်

နိုင်ငံရေးပါတီတွေအနေနဲ့ နိုင်ငံခြားတိုင်းပြည်တစ်ခုခုရဲ့ အဖွဲ့အစည်း ဒါမှမဟုတ် လူပုဂ္ဂိုလ် တွေနဲ့ တွေ့ဆုံမယ် ဆိုရင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) ကို ကြိုတင် တင်ပြပြီး ခွင့်ပြုချက်ရရှိမှသာ တွေ့ဆုံရမယ် လို့ စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင် (UEC) က ဩဂုတ်လ ၁၁ ရက်နေ့ ရက်စွဲနဲ့ နိုင်ငံရေးပါတီတွေထံကို စာပို့ အကြောင်းကြား လိုက်ပါတယ်။

UEC ရဲ့ ခွင့်ပြုချက် မရရှိဘဲ နိုင်ငံရေးပါတီတစ်ခု ဒါမှမဟုတ် နိုင်ငံရေးပါတီတွေက နိုင်ငံခြား အဖွဲ့အစည်းတွေကို တွေ့ဆုံတာဟာ ဥပဒေ ပြဋ္ဌာန်းချက်တွေနဲ့ ငြိစွန်းနိုင်တဲ့အတွက် သတ်မှတ်ချက်နဲ့အညီ တင်ပြဖို့နဲ့ UEC ဘက်က သင့်လျော်တဲ့ အစီအမံနဲ့ စိစစ်ခွင့်ပြုပေးမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ပြည်သူ့ပါတီ ဦးကိုကိုကြီးကတော့ UEC ရဲ့ အခု ညွှန်ကြားချက်ဟာ ဒီမိုကရေစီ စံချိန်၊ စံညွှန်းတွေနဲ့ လုံးဝ မကိုက်ညီဘဲ ဆန့်ကျင်နေတယ်လို့ RFA ကို ပြောပါတယ်။

“နိုင်ငံခြား သံရုံးဖြစ်စေ၊ နိုင်ငံခြား အဖွဲ့အစည်းတစ်ခုခုဖြစ်စေ တွေ့ဆုံခြင်းဟာ အထောက်အပံ့ယူတာ မဟုတ်ဘူး။ တွေ့ တာနဲ့ အထောက်အပံ့ ရယူတာနဲ့ ဘာမှ မဆိုင်ဘူး။ အထောက်အပံ့ ရယူတယ်ဆိုရင် ဥပဒေအရ အရေးယူလို့ ရတယ်။ အဲသလို မဟုတ်ဘဲနဲ့ တွေ့ဆုံခွင့်ကို ချုပ်ချယ်ရအောင် နိုင်ငံရေးပါတီတွေက နိုင်ငံတကာမှာ လည်းပဲ ဒီလိုပဲ ထိတွေ့ ဆက်ဆံနေကြတာကို ချုပ်ကိုင်တာကတော့ ဒီမိုကရေစီ စံချိန်စံညွှန်းအရလည်း ဘယ်လိုမှ မအပ်စပ်ဘူး။ ဆန့်ကျင်ဘက်ဖြစ်တယ်လို့ ကျနော်ကတော့ မြင်တယ်”

ဒီညွှန်ကြားချက်အရဆိုရင် ပြည်ပအခြေစိုက် သတင်းမီဒီယာအဖွဲ့အစည်းတွေနဲ့ စကားပြောဖို့တောင် ကြိုတင် ခွင့်ပြုချက် ယူရမလို ဖြစ်နေတယ်လို့ ဦးကိုကိုကြီးက ဝေဖန်ပါတယ်။

ရခိုင်အမျိုးသားပါတီ (ANP) ရဲ့ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော် ကလည်း ပြည်တွင်းကို တရားဝင်ခွင့်ပြုချက်နဲ့ လာရောက်တဲ့ ပြည်ပအဖွဲ့အစည်းတွေကို မတွေ့စေချင်တာဟာ ကျိုးကြောင်းဆီလျော်မှု မရှိဘူးလို့ ပြောပါတယ်။

“ကျနော်တို့က တရားဝင် နိုင်ငံရေးပါတီ ဖြစ်တယ်။ အဲဒါကြောင့် ရခိုင်ကို လာပြီးတော့ ကျနော်တို့ပါတီတွေနဲ့ တွေ့မယ် ဆိုတာကတော့ အဲဒီနိုင်ငံခြားအဖွဲ့အစည်းတွေကလည်း သက်ဆိုင်ရာနိုင်ငံက ခွင့်ပြုပြီးမှ လာတာကိုး။ လာတာ ဆိုတာကလည်း တရားဝင် လာတာ။ တရားဝင်လာတဲ့ အဖွဲ့အစည်းနဲ့ ကျနော်တို့ တရားဝင် ဖွဲ့စည်းထားတဲ့ နိုင်ငံရေးပါတီ အဖွဲ့အစည်းနဲ့ဆိုရင် ဘာအကန့်မှ မရှိဘူး။ ကျနော်တို့မှာ လွတ်လွတ် လပ်လပ် တွေ့လို့ရတယ်။ မတွေ့စေချင်ဘူးဆိုရင် နဂိုကတည်းက ခွင့်မပြုတာ ကောင်းတယ်”

စစ်ကောင်စီ UEC ဘက်ကတော့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ - ၆ (စ) ပါ ပြဋ္ဌာန်းချက်အရ နိုင်ငံခြားတိုင်းပြည်တစ်ခုခုရဲ့ အစိုးရ ဒါမှမဟုတ် ဘာသာရေးအဖွဲ့အစည်း ဒါမှမဟုတ် အခြားအဖွဲ့အစည်းတစ်ခုခု ဒါမှမဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးဆီကနေ ငွေကြေး၊ ပစ္စည်း၊ အခြား အထောက်အပံ့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်လို့ဖြစ်စေ ရယူသုံးစွဲတာ ဒါမှမဟုတ် သူတို့ရဲ့ သြဇာခံ မဖြစ်ရဆိုတဲ့အချက်ကို နိုင်ငံရေးပါတီတွေဘက်က လိုက်နာ စောင့်ထိန်းရမယ်လို့ ဆိုပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ ဖြစ်ပေါ်ခဲ့တဲ့ မဲစာရင်း မှားယွင်းမှု၊ မဲမသမာမှုတွေနဲ့ တရားမဲ့ ပြုကျင့်မှု ဖြစ်စဉ်တွေမှာ မြန်မာအခြေစိုက် နိုင်ငံခြားသံရုံးတွေ၊ နိုင်ငံတကာ အဖွဲ့ အစည်းတွေက သူတို့ထောက်ပံ့တဲ့ ပြည်တွင်း အဖွဲ့အစည်းတွေရဲ့ စွက်ဖက်ဆောင်ရွက် ချက်တွေနဲ့ ဆက်စပ်ပတ်သက်နေတယ်လို့လည်း UEC ရဲ့ ထုတ်ပြန်ချက်မှာ စွပ်စွဲဖော်ပြ ထားပါတယ်။

UEC က မှတ်ပုံတင် ခွင့်ပြုထားတဲ့ နိုင်ငံရေးပါတီ ၉၂ ခုမှာ နိုင်ငံရေး အယူဝါဒအရ ဖြစ်ပေါ်လာတဲ့ ပါတီ ၄၃ ပါတီ၊ တိုင်းရင်းသား မျိုးနွယ်စုအလိုက် ဖြစ်လာတဲ့ ပါတီ ၁၉ ပါတီနဲ့ ဒေသအလိုက် ဖြစ်ပေါ်လာတဲ့ ပါတီ ၃၀ ရှိတယ်လို့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။