မိုးမောက်မြို့အနီးမှာ တိုက်ပွဲပြင်းထန်နေ
2024.07.24
ကချင်ပြည်နယ်၊ မိုးမောက်မြို့အနီးက စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ (၄၃၇) ကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နဲ့ PDF ပူးပေါင်းတပ်တွေက ဇူလိုင်လ ၂၄ ရက် ဒီမနက်မှာ ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ KIO သတင်းနဲ့ပြန်ကြာရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက RFA ကို ပြောပါတယ်။
ကချင်ပြည်နယ်မှာ စစ်ပွဲရပ်တန့်နေတာ တစ်လနီးပါးကြာပြီးနောက် အခု တစ်ကျော့ပြန်တိုက်ပွဲတွေ ဖြစ်လာတာပါ။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိုးမောက်ဒေသခံ တစ်ဦးကလည်း စစ်ကောင်စီတပ် ခမရ (၄၃၇) ကို မေလ ၇ ရက်နေ့ကတည်းက KIA နဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့တာရှိပေမယ့် အခု မနက်ပိုင်းကစပြီး တိုက်ပွဲပြန်ဖြစ်တာလို့ ပြောပါတယ်။
မိုးမောက်မြို့က ခမရ (၄၃၇) ကို အခုမနက်ပိုင်းကနေက ထိုးစစ်ဆင်နေတာဖြစ်ပေမယ့် ဆက်သွယ်လို့ မရသေးတဲ့အတွက် အသေးစိတ်အချက်အလက်ကိုတော့ မသိရသေးဘူးလို့ ဗိုလ်မှူးကြီး နော်ဘူက RFA ကို ပြောပါတယ်။
“ကျွန်တော်တို့လည်း အဲဒီဘက်မှာ တိုက်ပွဲဖြစ်တယ်ဆိုတဲ့ သတင်းပဲကြားပါတယ်။ မြေပြင်သတင်းကတော့ အဆက်အသွယ်လည်း မရဘူး။ အခုလောလောဆယ် ဘာမှမကြားရဘူး။ တိုက်ပွဲဖြစ်တာ ဆိုတာလောက်ပဲကြားတယ်”
မိုးမောက်မြို့အပြင် မံစီ၊ ဝိုင်းမော်မြို့နယ်မှာလည်း စစ်ရေးတင်းမာနေဆဲဖြစ်ပြီး ဝိုင်းမော်ဘက်ကို မြစ်ကြီးနားမြို့အခြေစိုက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က လက်နက်ကြီးတွေ ပစ်နေတယ်လို့လည်း သူက ပြောပါတယ်။
မိုးမောက်မြို့အနီးက တိုက်ပွဲတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်လာတာ မရှိသေးပါဘူး။
အခုနှစ်ဆန်းပိုင်းကစလို့ ကချင်ပြည်နယ်က မဘိမ်း၊ မြို့လှ၊ လွယ်ဂျယ်၊ ဒေါ့ဖုန်းယန်၊ မြို့သစ်၊ ဆင်ဘို၊ အင်ဂျန်းယန်နဲ့ ဆွမ်ပရာဘွမ် စတဲ့ မြို့ရှစ်မြို့ အပါအဝင် စစ်ကောင်စီရဲ့ တပ်စခန်းကြီး၊ တပ်စခန်းငယ် စုစုပေါင်း တစ်ရာကျော်ကို KIA က သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။