ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် မြန်မာနိုင်ငံကနေ အမြန်ထွက်ချင်တဲ့သူတွေ နှစ်ဆခန့် များလာတဲ့အတွက် အလုပ်သမားတွေကို သေချာစိစစ်ပြီး လက်ခံနေရတယ်လို့ ရန်ကုန်မြို့က ပြည်ပအလုပ်အကိုင်ရှာဖွေရေး အကျိုးဆောင်အေဂျင်စီအချို့က RFA ကို ဒီနေ့ပြောပါတယ်။
ပြည်ပမှာ အလုပ်သွားရောက်လုပ်ကိုင်ဖို့အတွက် ဖုန်းနဲ့ ဆက်သွယ်စုံစမ်းတာတွေအပြင် အေဂျင်စီရုံးတွေကို လာရောက်လျှောက်ထားသူတွေ အရင်ကထက် ပိုများလာတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သင်္ဃန်းကျွန်းမြို့နယ်က ပြည်ပအလုပ်အကိုင်ရှာဖွေရေးအကျိုးဆောင် အေဂျင်စီတစ်ခုက RFA ကို ပြောပါတယ်။
"လာဆက်သွယ်တဲ့သူအားလုံးကို ကျွန်တော်တို့ကုမ္ပဏီက ပို့ပေးချင်ပေမယ့် တကယ် အလုပ်လုပ်ချင်တဲ့သူ၊ လုပ်နိုင်တဲ့သူပဲ ပို့ပေးလို့ရတယ်လေ။ ဒီနိုင်ငံကလွတ်ပြီး ဟိုဘက်ရောက်သွားမှ အလုပ်မလုပ်နိုင်ရင် ကျွန်တော်တို့ ကုမ္ပဏီက ဖြေရှင်းပေးရမယ့်အရာတွေကလည်း ရှိသေးတော့။ အလုပ်သမားရ ပြီးရောဆိုပြီး ပို့လိုက်ရင် ရေရှည် အလုပ်လုပ်လို့ မရတော့ဘူး။ ဒါတွေကို ထည့်တွက်ပြီး စိစစ်လက်ခံနေရတာပါ။ သွားချင်တဲ့သူတွေက အမှန်အတိုင်းပြောရရင် ဟို စစ်မှုထမ်းဥပဒေကြောင့် ထွက်ချင်နေကြတာလည်းသိတယ်။ အဲဒီဥပဒေ အသက်ဝင်လာပြီးမှကို သွားချင်တဲ့သူတွေက နှစ်ဆကျော်လောက်ကို များလာတာပါ။ အဲဒီထဲမှာ တချို့ဆို ငွေကြေးဥစ္စာ ပြည့်စုံတဲ့သူတွေတောင်ပါတယ်"
ထိုင်းနိုင်ငံကိုသွားရောက်လုပ်ကိုင်ချင်တဲ့သူတွေ အများဆုံးလာကြပြီး မလေးရှားနိုင်ငံနဲ့ ဂျပန်နိုင်တို့ကို သွားချင်တဲ့သူတွေလည်း လာကြတယ်လို့ သူက ဆက်ပြောပါတယ်။
ပြည်ပကို အမြန်ထွက်ချင်လို့ လာရောက်ဆက်သွယ်တဲ့သူတွေများပေမယ့် စစ်ကောင်စီရဲ့အောက်မှာ တရားဝင်အလုပ်လုပ်နေရတဲ့ အေဂျင်စီကုမ္ပဏီတွေဖြစ်တာကြောင့် အလုပ်သမားတွေ သွားချင်သလို အမြန်မရနိုင်ဘူးလို့လည်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီတစ်ခုက ပြောပါတယ်။
"အလုပ်ပေးမယ့်နိုင်ငံက ကုမ္ပဏီ၊ ဒီဘက်က အလုပ်သမားဝန်ကြီးဌာန၊ သံရုံးအသွားအပြန်စာရွက်စာတမ်းတွေ တင်ရ စစ်ရလုပ်ရတာနဲ့ အနည်းဆုံး အချိန်သုံးပတ်ကနေ ငါးပတ်အထိ ကြာတယ်လေ၊ ပြည်ပနိုင်ငံကို အမြန်ပို့လို့ ရတဲ့ဝန်ဆောင်မှုက ကျွန်တော်တို့အေဂျင်စီတွေမှာ လုပ်ကိုင်ခွင့်မရှိသေးဘူး။ နှစ်နိုင်ငံသဘောတူစာချုပ် (MOU) စနစ်နဲ့ သွားနေရတာ။ မြန်မြန်သွားချင်ရင်တော့ အလုပ်သမားအတွက် အာမခံချက်မရှိတဲ့ ပွဲစားတွေနဲ့ အောက်လမ်းကသွားတဲ့ နည်းပဲရှိပါလိမ့်မယ်"
၂၀၂၄ ၊ ဇန်နဝါရီ ၂၅ နေ့အထိ မြန်မာနိုင်ငံမှာ စစ်ကောင်စီက တရားဝင်လုပ်ကိုင်ခွင့်ပေးထားတဲ့ လိုင်စင်ရ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အကျိုးဆောင်အေဂျင်စီကုမ္ပဏီပေါင်း ၅၄၂ ခုရှိပါတယ်။ အဲဒီထဲက ကုမ္ပဏီ ၁၂ ခုဟာ သက်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ခဲ့လို့ဆိုပြီး ယာယီပိတ်သိမ်းထားတယ်လို့လည်း စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက ၂၀၂၄၊ ဖေဖော်ဝါရီ ၆ နေ့က ကြေညာထားပါတယ်။
စစ်မှုမထမ်းမနေရဥပဒေ အသက်သွင်းပြီးနောက် မြန်မာ ခုနစ်ထောင်ကျော်ဟာ ရန်ကုန်မြို့က ထိုင်းသံရုံးမှာ ဗီဇာလျှောက်ထားတယ်လို့လည်း ဘန်ကောက်ပို့စ်သတင်းက ဒီနေ့ဖော်ပြထားပါတယ်။