မင်းကင်းမြို့ ကျောက်တန်းရွာက အိမ်တစ်လုံးကို စစ်ကောင်စီ မီးရှို့

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ကျောက်တန်းရွာက ဦးကမ္ဘာကျော်ရဲ့အိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အောက်တိုဘာ ၉ ရက် မနေ့ညပိုင်းက မီးရှို့ ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်လာလို့ တစ်ရွာလုံးပုန်းရှောင်နေကြရာ အဲဒီအိမ်မှာလည်း လူမရှိတဲ့အချိန် မီးရှို့ခံရလို့ ပြာကျသွားတယ် လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဦးကမ္ဘာကျော်ရဲ့အိမ် မီးရှို့ခံရတာဟာ ပျူစောထီးတွေက စစ်ကောင်စီကို သတင်းမှား ပေးတာကြောင့်လို့ ဒေသခံတွေက ပြောကြပါတယ်။ ဦးကမ္ဘာကျော်တို့ မိသားစုဝင်တွေဟာ ဆန္ဒပြသပိတ်မှောက်တာတွေနဲ့ ပတ်သက်မှုမရှိတဲ့ သာမန်အရပ်သားတွေဖြစ်တယ်လို့ မင်းကင်းဆန္ဒပြသပိတ် ဦးဆောင်သူက ဆိုပါတယ်။

ဒီလိုအိမ်မီးရှို့ခံရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သီးခြားသတင်း ထုတ်ပြန်တာ မတွေ့ရသေးသလို RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကြာပင်ရွာမှာ တပ်စွဲထားပြီး ကျောက်တန်း၊ ကြာပင်၊ ရေဦး စတဲ့ အနီးအနား ရွာက အိမ်တွေကို PDF တွေရှိ၊ မရှိဝင်ရောက်ရှာဖွေတာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါကြောင့် ကျောက်တန်း၊ ရေဦး၊ ကြာပင်၊ ရွာသာ၊ တောင်စာရေး၊ ယင်းမာ၊ ဂုံညင်း စတဲ့ ရွာပေါင်း ခုနစ်ရွာက ဒေသခံတစ်ထောင်ကျော်တို့ဟာ တောတောင်တွေမှာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ရွာသားတွေက ပြောပါတယ်။

မင်းကင်းမြို့နယ် ကျောက်တန်းရွာဟာ အိမ်ခြေ ၅၀ ခန့်ရှိပြီးတော့ ကလေးဝ-မုံရွာ ( အာရှလမ်းမကြီး) ဘေးမှာ တည်ရှိတဲ့ ရွာဖြစ်ပါတယ်။