စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မကွေးတိုင်းကို ဖေဖော်ဝါရီ ၉ ရက် ဒီနေ့ရောက်မှာဖြစ်လို့ ရှေ့ပြေးလုံခြုံရေးတပ်တွေ မြို့ပေါ်နဲ့ အနီးဝန်းကျင်ဒေသတွေမှာ ချထားပြီး လုံခြုံရေးတင်းကျပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ် လယ်ကိုင်းက ဘူတာအနီးစေတီအသစ် ထီးတင်ပွဲအခမ်းအနား တက်ရောက်ဖို့ရှိတဲ့အတွက် လုံခြုံရေးတွေ တင်းကျပ်နေတာလို့ ပြည်သူ့စစ်သားအဖွဲ့က ဗိုလ်ကြီး ဇင်ယော် က RFA ကို ပြောပါတယ်။
"ရှေ့ပြေးအဖွဲ့ စစ်ဦးစီး (ပထမတန်း) အဖွဲ့တောင် ကျောင်းတော်ရာဘုရားမှာ လုံခြုံရေး ရောက်နေပါပြီ။ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကပါ"
ဒါ့အပြင် ကံသာကြီး၊ မုန်းတောကြီး၊ လှည်းကြီး၊ ရွာသာကြီးဆိုတဲ့ ကြီးလေးကြီး ရွာတွေမှာ ယတြာချေမယ်လို့ စစ်ကောင်စီတပ်ရဲ့ တပ်မ ၈၈ လက်အောက်ခံတပ်ရင်း ခလရ ၁၀ တပ်ဖွဲ့ဝင်တွေ အတည်ပြုချက်အရ သိရတယ်လို့ ဗိုလ်ကြီး ဇင်ယော် က ပြောပါတယ်။
မကွေးတိုင်းနဲ့ နယ်မြေချင်းထိစပ်နေတဲ့ ချင်းပြည်နယ် နယ်မြေတဝိုက်မှာ စစ်ကောင်စီ တပ်တွေနဲ့ ဒေသကာကွယ်ရေးတပ် PDF၊ CDF တပ်ဖွဲ့တို့ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ဒေသလည်း ဖြစ်ပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် မကွေးတိုင်းထဲက တိုက်ပွဲတွေကြောင့် ဇန်နဝါရီ ၁၇ ရက်အထိ အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ လူပေါင်းနှစ်သောင်းကျော်ရှိတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ဇန်နဝါရီ ၂၆ ရက်မှာ ထုတ်ပြန် ထားပါတယ်။