စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဇွန်လ ၁၃ ရက် ဒီနေ့ နေပြည်တော် မှာ တွေ့ဆုံချိန် ဖွံ့ဖြိုးမှုနောက်ကျနေတဲ့ ရခိုင်ပြည်နယ်ကို ဖွံ့ဖြိုးတိုးတက်မှု ရှိလာအောင် ဆောင်ရွက်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်စိုးမြက RFA ကို ပြောပါတယ်။
"ပြည်နယ်အရေးမှာတော့ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အဓိက ဆောင်ရွက်ပေးဖို့ တောင်းဆိုခဲ့တယ်။ ကျနော်တို့ဟာ ရခိုင်ပြည်နယ်ကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်တဲ့အတွက် ရခိုင်ပြည်နယ်အရေးဟာ ကျနော်တို့အတွက် အရေးကြီးပါတယ်လို့။ ရခိုင်ပြည်နယ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဒီထက်မက လုပ်ပေးဖို့ အဲဒီဟာကို တောင်းဆို ခဲ့တယ်"
စစ်ကောင်စီဘက်ကလည်း အဲဒီတောင်းဆိုမှုကို လက်ခံခဲ့ပြီး လက်ရှိမှာလည်း ရခိုင် ပြည်နယ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေသလို နောက်ပိုင်းမှာလည်း ဒီထက် ပိုပြီးတော့ အာရုံစိုက်မယ်လို့ တုံ့ပြန်ခဲ့ကြောင်း သူက ဆိုပါတယ်။
ပြည်နယ်အရေးနဲ့ ပြည်ထောင်စု အရေးဆိုပြီး နှစ်ခု တင်ပြခဲ့ပြီး ပြည်ထောင်စုအရေး မှာတော့ ပြည်ထောင်စုနဲ့ ကိုက်ညီတဲ့ ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်ဖို့ တောင်းဆိုခဲ့တယ်လို့ ALP က ပြောပါတယ်။
ALP ပါတီက ရခိုင်ပြည်နယ်ကို ကိုယ်စားပြု သွားရောက်တာလို့ ပြောဆိုပေမယ့် ရခိုင် အရပ်ဘက်အဖွဲ့အစည်း ၂၉ ဖွဲ့က “အရက္ခ ပြည်သူလူထု၏ သဘောထား ထုတ်ပြန်ချက်” ဆိုပြီး စစ်ကောင်စီနဲ့ သွားရောက်တွေ့ဆုံမယ့် ALP ရဲ့ လုပ်ဆောင်ချက်ကို ကန့်ကွက် ကြောင်း ပြီးခဲ့တဲ့ မေလ ၁၅ ရက်နေ့က ကန့်ကွက်ပြောဆိုခဲ့ပါတယ်။
စစ်ကောင်စီနဲ့ ALP တို့ရဲ့ တွေ့ဆုံပွဲမှာ စစ်ကောင်စီဘက်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်တို့ တက်ရောက်ခဲ့ကြပါတယ်။ ALP ပါတီဘက်ကတော့ ပါတီ ဒုတိယ ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း၊ ဗဟိုအလုပ်အမှုဆောင်တွေဖြစ်တဲ့ ခိုင်စိုးမြနဲ့ ခိုင်ပေါ်လင်းတို့ တက်ရောက်ခဲ့ကြပါတယ်။
ALP နဲ့ တွေ့ဆုံမှုအပြီး စစ်ကောင်စီဘက်က ထုတ်ပြန်ချက်မှာတော့ တိုင်းပြည်အကျိုး အတွက် ပြည်ထောင်စု စိတ်ဓာတ်ကို အခြေခံပြီးတော့ ငြိမ်းချမ်းတဲ့ ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် အားလုံးပါဝင် ကြိုးစားရမယ့် အခြေအနေလို့ ဆိုပါတယ်။
အားလုံးပါဝင်ရေး ကြိုးစားမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပေမယ့် တစ်ဖက်မှာတော့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေနဲ့ ဆွေးနွေးမှာ မဟုတ်ဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောဆို ထားပါတယ်။
စစ်ကောင်စီနဲ့ ဆွေးနွေးပွဲတွေမှာ တက်ရောက်ဖို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA – PC)၊ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ၊ “o” ပြည် သွေးစည်း ညီညွတ်ရေးတပ် (UWSA)၊ မိုင်းလားအဖွဲ့ (NDAA) နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့က စာရင်းပေးထားပါတယ်။