လက်နက်ကိုင်တောင်းဆိုမှုတွေ လိုက်လျောမှာမဟုတ်ကြောင်း စစ်ခေါင်းဆောင်ပြော
2024.10.15
နိုင်ငံရေးစားပွဲဝိုင်းကို ရောက်လာပြီး ငြိမ်းချမ်းစွာဖြေရှင်းနည်းနဲ့သာ ပဋိပက္ခတွေကိုပြေလည်စေမှာ ဖြစ်တာကြောင့် လက်နက်ကိုင် တောင်းဆိုမှုတွေကို လိုက်လျောဖြေရှင်းပေးမှာ မဟုတ်ဘူးလို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အောက်တိုဘာ ၁၅ ရက်နေ့မှာ ပြောပါတယ်။
ဒီနေ့ကျရောက်တဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း ကိုးနှစ်မြောက် နှစ်ပတ်လည်နေ့ မိန့်ခွန်းမှာ ထည့်သွင်းပြောခဲ့တာပါ။
“မိမိတို့ရဲ့ လိုလားချက်များကို တွေ့ဆုံဆွေးနွေးမှုများကနေ ညှိနှိုင်းကြဖို့၊ တောင်းဆိုကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်”လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့က NCA ကတိကဝတ်တွေကို ချိုးဖောက်ပြီး အာဏာသိမ်းပြီးမှ ပေါ်ပေါက်လာတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထောက်ခံအားပေးနေတာကြောင့် နိုင်ငံတစ်ဝန်း တည်ငြိမ်းအေးချမ်းရေး ပျက်ပြားခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO)၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) တို့ဟာ ဆန့်ကျင်တိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒါပေမဲ့ NCA လမ်းကြောင်းအတိုင်းပဲ ဆက်သွားမယ်လို့ စစ်ကောင်စီက ပြောပါတယ်။
ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းကတော့ စစ်ကောင်စီဟာ NCA ကို အကောင်ထည်ဖော်ရမဲ့အဖွဲ့ မဟုတ်သလို ဒီပြောဆိုချက်တွေဟာ လက်တွေ့မကျဘူးလို့ RFA ကို ပြောပါတယ်။
“စစ်တပ်ဟာ NCA ကို တရားဝင် အကောင်အထည် ဖော်ရမဲ့အဖွဲ့ မဟုတ်ပါဘူး။ လူထုက ရွေးကောက်တင်မြှောက်တဲ့ အစိုးရ၊ လွှတ်တော်ရှိမှ ဆွေးနွေးရမှာ ဖြစ်ပါတယ်။ လက်နက်စွန့်၊ ပါတီထောင်၊ ရွေးကောက်ပွဲဝင် ဆိုတာမျိုးကတော့ တော်လှန်ရေး အဖွဲ့အစည်းတွေဘက်မှာ ပျက်ရယ်ပြုစရာ ဖြစ်တာပေါ့”
NCA စာချုပ်ကို သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့မှာ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA-PC)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLO)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့က လက်မှတ်ရေးထိုးခဲ့ပါတယ်။
နောက်ပိုင်းမှာ မွန်ပြည်သစ်ပါတီ (NMSP) နဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ကလည်း NCA မှာ ပါဝင်လက်မှတ်ရေးထိုးခဲ့ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ABSDF၊ KNU၊ CNF ၊ PNLO နဲ့ မွန်ပြည်သစ်ပါတီ ခွဲထွက်အဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင် တိုက်ဖျက်ရေး) (NMSP-AD) တို့က အာဏာသိမ်းတာကို ကန့်ကွက်ပြီး စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေပါတယ်။
စစ်ကောင်စီက အာဏာသိမ်းပြီးမှ ပေါ်ပေါက်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေ အပါအဝင် ဆန့်ကျင်တိုက်ခိုက်နေသူတွေအနေနဲ့ လက်နက်စွန့်ပြီး ပါတီနိုင်ငံရေး လမ်းကြောင်းကနေဖြစ်ဖြစ်၊ ရွေးကောက်ပွဲ လမ်းကြောင်းကနေဖြစ်ဖြစ်၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းကြဖို့ စက်တင်ဘာ ၂၆ ရက်နေ့က ဖိတ်ခေါ်ထားပြီး တော်လှန်ရေး အင်အားစုတွေဘက်က ဒါကို ငြင်းဆိုထားပါတယ်။