မင်းပြားက ရွာထဲစစ်ကြောင်းတစ်ခုဝင်ပြီး နောက်ဆက်တွဲ

ဝေယံမိုးမြင့်
2019.12.15
thaluchaung-622.jpg ရခိုင်ပြည်နယ် မင်းပြားမြို့နယ် သလူချောင်းအနီးက မင်းဘူးတောင်ခြေမှာရှိတဲ့ စိတ္တရကျေးရွာဒေသကို တွေ့ရစဉ်
ဓာတ်ပုံ - အမ်းသား ကြီး - facebook

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ဖုံသာဝကျေးရွာအုပ်စု စိတ္တရကျေးရွာထဲ ဒီဇင်ဘာ ၁၁ ရက်နေ့က တပ်မတော် စစ်ကြောင်းတစ်ခု ဝင်ရောက်ခဲ့ပြီးနောက် အုပ်ချုပ်ရေးမှူး တစ်ဦးနဲ့ ရွာခံအမျိုးသမီး တစ်ဦး သေဆုံးခဲ့သလို ဒေသခံ ရှစ်ယောက်ကို တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

ဖမ်းခံရသူတွေထဲက တစ်ယောက် သေဆုံးပြီး ခုနှစ်ယောက်ကိုတော့ AA နဲ့ ဆက်စပ်တယ်ဆိုတဲ့ သံသယနဲ့ တပ်မတော်က အမှုဖွင့်ထားပါတယ်။

ဒီဇင်ဘာ ၁၁ ရက်နေ့ညက စိတ္တရကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဉာဏ်သိန်းရဲ့ နေအိမ်မှာ ဒေသခံတချို့ရှိနေချိန် မင်းပြားမြို့အခြေစိုက် အမှတ် ၃၈၀ တပ်ရင်းက တပ်မတော်သား ၁၀၀ ကျော်ဟာ  ရွာထဲဝင်ရောက်လာတာလို့ ဒေသခံတွေက ပြောပါတယ်။

ဦးဉာဏ်သိန်းကို သေနတ်ဒင်နဲ့ရိုက်ကာ ပစ်သတ်ခဲ့ပြီး နေအိမ်ပေါ်မှာရှိနေတဲ့ ဒေါ်ဖြူဖြူဝင်းဟာလည်း သေနတ်နဲ့ ပစ်ခတ်ခံရလို့ သေဆုံးခဲ့တယ်လို့ ပြောကြပါတယ်။ အဲဒီနောက် ကျန်တဲ့ရွာသားတချို့ကို တပ်မတော်က ဖမ်းခေါ် သွားတာလို့ သိရပါတယ်။ ဖမ်းခေါ်သွားတဲ့ ရွာသားအရေအတွက်ဟာ တပ်မတော်ဘက်က ရှစ်ဦးလို့ပြောပေမယ့်  ဒေသခံတွေကတော့ ၁၀ ဦးလို့ ပြောကြပါတယ်။ စစ်ဆေးစရာရှိလို့ ဖမ်းခေါ်ခဲ့တာလို့ အနောက်ပိုင်းတိုင်းစစ် ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။

တပ်ဖမ်းခေါ်သွားတဲ့အထဲက တစ်ယောက် သေဆုံးပြီး ခုနှစ်ယောက်ကို မင်းပြားရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ သူတို့ဟာ AA အမာခံတွေလို့ စစ်ဆေးပေါ်ပေါက်တဲ့အတွက် အမှုဖွင့်ထားတာလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ပြောပါတယ်။တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းf

“အဲဒီအမျိုးသား ခုနှစ်ဦးကို ပဏာမ စစ်ဆေးပါတယ်၊ စစ်ဆေးတဲ့အခါမှာ AA တပ်ဖွဲ့ဝင်တွေရဲ့ အမာခံတွေ ဖြစ်ကြောင်း တွေ့ရှိရတဲ့အတွက် သူတို့ကိုတော့ မင်းပြားရဲစခန်းမှာ တရားဥပဒေအရ အမှုဖွင့်ဆောင်ရွက်နိုင်ရေး အပ်နှံထားပါတယ်”

သေဆုံးသွားတဲ့ ရွာသားတစ်ယောက်ရဲ့ ရုပ်အလောင်းကို မနေ့က သလူချောင်းအနီးမှာ တွေ့ရှိခဲ့တာပါ။

ရွာသားတွေကို ဖမ်းဆီးသွားချိန်မှာ AA နဲ့ တိုက်ပွဲဖြစ်ပွားလို့ တစ်ဦးသေဆုံးသွားတာလို့ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။

“ကျွန်တော်တို့က မသင်္ကာလို့ ဖမ်းလာတာ၊ အဲဒီမှာ တိုက်ပွဲဘာညာ ဖြစ်ရင်းနဲ့ သေတာ အဲဒီမှာ”

ဖမ်းဆီးခေါ်ဆောင်ခံရစဉ် ထွက်ပြေးလွတ်မြောက်လာတဲ့ ဒေသခံတစ်ဦးကတော့ သူကြုံတွေ့ရတဲ့ အခြေအနေကို အခုလို ပြောပါတယ်။

“ကျွန်တော်တို့ကို ကြိုးတုပ်ပြီး တောင်ထိပ်ဆီကို ခေါ်သွားတာ မလိုက်နိုင်တဲ့သူတွေကို အကုန်လုံး ပစ်သတ်မယ်ဆိုပြီး ဆွဲပြီးခေါ်သွားတယ်၊ တောင်ထိပ်ဆီကို တိုက်ပွဲဖြစ်နေတဲ့ နေရာဆီကို၊ ကျွန်တော်က ချည်ထားတဲ့ကြိုးကို ကံကောင်းလို့ပဲ ပြောရမလား ဖြည်ပြီးပြေးလာတာ။ အဲဒီထဲမှာ ကျောက်မှော် အုပ်ချုပ်ရေးမှူးက ဒဏ်ရာနဲ့ပါသွားတယ်၊ သူကပြောတယ် အဘ ကျွန်တော် မသွားနိုင်တော့ဘူးဆိုပြီး ပြောတယ် အဲဒီမှာပဲ လည်ပင်းကို ဓါးနဲ့လှီးပြီး သတ်ပစ်လိုက်တယ်၊ ကျွန်တော်တို့ လှည့်ကြည့်လို့မရဘူး၊ ရုန်းသံတွေပဲကြားရတယ် လှည့်ကြည့်တဲ့ကောင် ပစ်မယ်ဆိုပြီး သူတို့က ခြိမ်းခြောက်တာ”

သေဆုံးသူရဲ့ ရုပ်အလောင်းကို မနေ့က ရှာဖွေတွေ့ရှိခဲ့ပြီး ဒီနေ့မှ သယ်ယူသဂြိုင်္ဟ်ခွင့်ရတာလို့ မိသားစုဝင် ဦးသိန်းကျော်ဝင်းက ပြောပါတယ်။

“အလောင်းသယ်ပြီး မင်းပြားမြို့နယ်ဆေးရုံကြီးကို ယူလာပါတယ်။ ဆရာဝန်တွေရဲ့ ဆေးမှတ်တမ်းယူပြီး ရဲတွေက စစ်ဆေးပြီး မင်းပြားသချိုင်းမှာပဲ သဂြိုင်္ဟ်လိုက်ပါတယ်။ ဆက်ပြီးဆောင်ရွက်ထားတာက မင်းပြားရဲစခန်းမှာ အမှုဖွင့်ထားပါတယ်”

အဲဒီညက နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့တဲ့ ရွာအုပ်ချုပ်ရေးမှူး ဦးဉာဏ်သိန်းနဲ့ ဒေါ်ဖြူဖြူဝင်းတို့ရဲ့ မိသားစုဝင်တွေက တပ်မတော်က ပစ်ခတ်လို့ သေဆုံးသွားတဲ့ကိစ္စကို စုံစမ်းစစ်ဆေးပေးဖို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံ ဒီဇင်ဘာ ၁၂ ရက်နေ့က တိုင်ကြားထားပါတယ်။

တပ်မတော်က ဘာကြောင့်ပစ်သတ်ရတာလဲဆိုတာ သိချင်လို့ တိုင်ကြားတာလို့ သေဆုံးသူ ဦးဉာဏ်ထွန်းရဲ့ ညီဖြစ်သူက RFA ကို ပြောပါတယ်။

“အမှန်တရားကို သိချင်လို့ သေသွားတဲ့သူကတော့ ဘာမှမပြောနိုင်တော့ဘူးလေ။ အပြစ်ရှိတယ်ဆိုရင်လည်း အဲဒီလို ရက်စက်ကြမ်းကြုတ်တဲ့အလုပ် မလုပ်စေချင်ဘူး။ အပြစ်ရှိတယ်ဆိုရင်လည်း နိုင်ငံတော်မှာ ပြဌာန်းထားတဲ့ ဥပဒေအတိုင်း ဆုံးဖြတ်လို့ရတာပဲ၊ ဘာ့ကြောင့် ဒီလိုမျိုးလာလုပ်တာလဲ၊ အဲဒါ အတိအကျသိချင်တာပဲ၊ ဟိုးအပေါ်က မိန်းကလေးတစ်ယောက် အော်တာကို ဘာ့ကြောင့်ပစ်တာလဲ”

လူ့အခွင့်အရေးကော်မရှင်ထံ RFA က ဒီနေ့ ဆက်သွယ်ရာမှာ ကော်မရှင်အဖွဲ့ဝင် ဦးဘုန်းကြွယ်ကတော့ ရုံးကိုတိုင်ကြားစာ ရောက်မရောက်ဆိုတာ ရုံးဖွင့်ရက်မှ ပြန်လည်စိစစ်ပေးမယ်လို့ ပြောပါတယ်။

လှည့်ကြည့်တဲ့ကောင် ပစ်မယ်ဆိုပြီး သူတို့က ခြိမ်းခြောက်တာ

ဒီနေ့မှာပဲ  ရခိုင်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ ကလည်း ရခိုင်ပြည်နယ်အတွင်း  တပ်မတော်က စစ်ရာဇဝတ် မှုတွေ ကျူးလွန်နေတာ၊ လူ့အခွင့်အရေး  ချိုးဖောက်နေ တာတွေကို ရှုတ်ချကြောင်း ကြေညာချက် ထုတ်ပြန်လိုက် ပါတယ်။ ဥပဒေအမျိုးမျိုးတပ်ပြီး တရားစွဲဆိုတာတွေကို တပ်မတော်က လုပ်ဆောင်နေတယ်လို့  ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒီထုတ်ပြန်ချက်ပါ စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း တုံ့ပြန်တာက --

“ဒါနဲ့ပတ်သက်ပြီး သူတို့က ဒါတွေထုတ်နေကြပါ။ လူ့အခွင့်အရေးနဲ့ ပတ်သက်ရင် တပ်မတော်ကလည်း အလေးထား ဆောင်ရွက်လျှက်ရှိပါတယ်။ သင်တန်းကျောင်းတွေမှာလည်း လူ့အခွင့်အရေးနဲ့ ပတ်သက် တာတွေကို သင်ကြားပို့ချနေတာကိုလည်း အလေးထား ဆောင်ရွက်လျှက်ရှိပါတယ်။ နောက်တစ်ချက်က စစ်သည်တိုင်း တပ်ဖွဲ့တိုင်းကို အခွင့်အရေးမြှင့်တင်ရေးတွေ ဆောင်ရွက်လျှက်ရှိပါတယ်”

ရသေ့တောင်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပလက်ဝ စတဲ့ မြို့နယ်တွေမှာ တပ်မတော်က ကျူးလွန်နေတာလို့ ဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲတွေကြောင့် အရပ်သား သေဆုံးသူ ၈၀ ကျော်ရှိပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၂၀ ကျော်ရှိနေပြီလို့ အရပ်ဖက်အဖွဲ့စာရင်းတွေအရ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။