မင်းတပ် လေကြောင်းတိုက်ခိုက်မှု နှစ်နှစ်အတွင်း နှစ်ဆယ်ကျော်သေဆုံး
2024.08.09
ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်မှာ ၂၀၂၂ ဇူလိုင်ကနေ ၂၀၂၄ ဇူလိုင်အထိ နှစ်နှစ်အတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၂၂ ဦး သေဆုံးပြီး ၇၄ ဦး ဒဏ်ရာရခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)က သြဂုတ် ၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဒီ့အပြင် မင်းတပ်မြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆေးရုံ၊ စာသင်ကျောင်း၊ ခရစ်ယာန်ဘုရားကျောင်း၊ ဘုန်းကြီးကျောင်းတွေအပါအဝင် လူနေအိမ်နဲ့ အဆောက်အအုံ စုစုပေါင်း ၁၃၇ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
သြဂုတ် ၇ ရက်နေ့ မနက်တစ်နာရီမှာ မင်းတပ်မြို့နယ် ချပ်ကျေးရွာအနီး စစ်ကောင်စီတပ်က လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရသူ ကိုယောမန်က RFA ကို ပြောပါတယ်။
“အဲဒီနေ့က တိုက်ခိုက်မှုမှာ ဒေသခံနှစ်ဦး ဒဏ်ရာရတယ်၊ နေအိမ်တစ်လုံး ပျက်စီးတယ်။ စစ်ကောင်စီရဲ့ လေကြောင်းရန်ကိုတော့ အတတ်နိုင်ဆုံးကာကွယ်ဖို့ ကြိုးစားနေပါတယ်။ ဗုံးခိုကျင်းတွေလည်း တူးထားပါတယ်။ ဒါပေမဲ့ စစ်ကောင်စီက လူတွေအိပ်နေတဲ့အချိန် ညပိုင်းတွေ၊ ညသန်းခေါင်မှာ လာလာကြဲတော့ ထိခိုက်မှုတွေ ရှိတာပါ”
ချင်းလူ့အခွင့်အရေးဖွဲ့ (CHRO) ကတော့ စစ်ကောင်စီတပ်ရဲ့လုပ်ရပ်တွေဟာ စစ်ရာဇဝတ်မှု ကျူးလွန်တာဖြစ်ပြီး ဒီလုပ်ရပ်တွေအတွက် စစ်ကောင်စီအနေနဲ့ တာဝန်ယူရမှာဖြစ်တယ်လို့ CHRO က ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်က နိုင်ငံအနှံ့ကို လေကြောင်းတိုက်ခိုက်အမှု အကြိမ်ရေ ၅၈၀၀ နီးပါးအထိ လုပ်ခဲ့တယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေးအင်စတီကျု (ISP-Myanmar) က သြဂုတ်လ ၅ ရက်နေ့မှာ ဖော်ပြထားပါတယ်။
RFA က ပြုစုထားတဲ့စာရင်းတွေအရ စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၄ ခုနှစ် မေလကုန်အထိ သုံးနှစ်ကျော်အတွင်း စစ်ကောင်စီ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေကြောင့် စုစုပေါင်း အရပ်သား နှစ်ထောင်နီးပါး (၁၉၄၂ ဦး) သေဆုံးခဲ့ပြီး ဒဏ်ရာရသူကတော့ လေးထောင်နီးပါး (၃၈၆၆ ဦး) အထိ ရှိပါတယ်။