မင်းတပ်မြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု ပြင်းထန်

RFA Burmese
2024.11.17
မင်းတပ်မြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု ပြင်းထန် မင်းတပ်မြို့တွင် နေအိမ်အချို့ မီးရှို့ဖျက်ဆီးခံခဲ့ရသည်ကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့က တွေ့ရစဥ်။
Facebook/ Ĥkl Mindat

ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ နိုဝင်ဘာ ၁၇ ရက် ဒီနေ့မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ပြင်းပြင်းထန်ထန် လုပ်နေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ဒီနေ့မနက်အစောပိုင်း နှစ်နာရီခန့်နဲ့ မနက် ရှစ်နာရီဝန်းကျင်မှာ လေယာဥ်နဲ့ နှစ်ကြိမ်လာပြီး ဗုံးသီး အများအပြား ကြဲချခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မင်းတပ် ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“Y12 လေယာဥ်နဲ့ ဗုံးသီးတွေက အတွဲလိုက် လာချတာ။ မနက်အစောပိုင်းက စကြဲတာ။ နေ့လယ်ပိုင်းအထိကို ကင်းထောက်က ဝဲနေတုန်းပဲ။ ရိက္ခာထုပ်တွေလည်း တပ်ကုန်းမှာ ချတယ်”

ဒီနေ့မနက်အစောပိုင်း တစ်နာရီခန့်မှာလည်း စစ်ကောင်စီတပ်က မင်းတပ်မြို့ပေါ် သုံးမိုင်လမ်းခွဲအနီးက နေအိမ်တွေကို မီးရှို့နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ နေအိမ်မီးရှို့မှုကြောင့် ပျက်စီးထိခိုက်တဲ့ အခြေအနေကိုတော့ အသေးစိတ် မသိရသေးပါဘူး။

မင်းတပ်မြို့မှာ စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း ခလရ (၂၇၄) တပ်ရင်းနဲ့ ရဲစခန်းနေရာ အပါအဝင် မြို့ပေါ်နေရာတချို့မှာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတာပါ။

မင်းတပ်မြို့နဲ့ ဖလမ်းမြို့မှာ နိုဝင်ဘာ ၉ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ ချင်းညီနောင် မဟာမိတ်ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ ချင်းညီနောင်အဖွဲ့က ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

စစ်ကောင်စီတပ်က မင်းတပ်မြို့ပေါ်က နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာနဲ့ လေကြောင်းတိုက်ခိုက်တာတွေကြောင့် ဘုရားကျောင်းတွေ အပါအဝင် လူနေအိမ် ငါးဆယ်ကျော် ပျက်စီးခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က နိုဝင်ဘာ ၁၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။