မင်းတပ်မြို့မှာ မြေမြှုပ်မိုင်းကြောင့် ဒေသခံတစ်ဦး ထိခိုက်

RFA Burmese
2024.07.25
မင်းတပ်မြို့မှာ မြေမြှုပ်မိုင်းကြောင့် ဒေသခံတစ်ဦး ထိခိုက် မင်းတပ်မြို့မှ ဒေသခံများကို ၂၀၂၁ ခုနှစ် မေ ၃၁ ရက်နေ့က တွေ့ရစဉ်။
မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

ချင်းပြည်နယ် တောင်ပိုင်း မင်းတပ်မြို့၊ စံပြရပ်ကွက်မှာ ဒေသခံတစ်ဦးက သူရဲ့ နေအိမ်ခြံဝင်းထဲ သန့်ရှင်းရေး လုပ်နေချိန် စစ်ကောင်စီတပ် ထောင်ထားတဲ့ မြေမြှုပ်မိုင်း နင်းမိလို့ ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

မိုင်းနင်းမိသူဟာ အသက် ၆၃ နှစ်အရွယ် ဦးထန်းလိန်းဖြစ်ပြီး ခြေကျင်းဝတ်အောက်ကနေ ခြေတစ်ဖက် ပြတ်သွားခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"စစ်ကောင်စီထောင်တဲ့မိုင်းပေါ့။ မြို့ထဲမှာတော့ စစ်ကောင်စီတပ်တွေက မိုင်းထောင်တာနဲ့ အခုရက်ပိုင်းဆို မြို့ထဲကို လက်နက်ကြီးနဲ့ တစ်နေ့ကို ဆယ်ကြိမ်ထက်မနည်းပစ်တာ မြို့ထဲမှာ နေတဲ့သူတွေက မရှိလောက် နည်းသွားပြီ ထပ်ပြီး ထွက်ပြေးကြတာ"

ဦးထန်းလိန်းကို စစ်ကောင်စီတပ်က ခြေလျင်တပ်ရင်း ခလရ (၂၇၄) မှာ ဆေးကုသဖို့ ခေါ်သွားတယ်လို့ သူက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်ပြီး တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

အာဏာသိမ်းသုံးနှစ်ကျော်အတွင်း ချင်းပြည်နယ်မှာ မြေမြှုပ်မိုင်းကြောင့် ဒေသခံ ၃၆ ဦး သေဆုံးပြီး ၆၆ ဦး ဒဏ်ရာရခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ပြီးခဲ့တဲ့ မေလထဲမှာ RFA ကို ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။