လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ Caterpillar,Volvo နဲ့ Komatsu ဆက်စပ်နေ
အမေရိကန်အခြေစိုက် Caterpillar ကုမ္ပဏီ၊ ဆွီဒင်အခြေစိုက် Volvo ကုမ္ပဏီ၊ ဂျပန်အခြေစိုက် Komatsu ကုမ္ပဏီတွေဟာ မြန်မာနိုင်ငံက လယ်ယာမြေသိမ်းယူမှုတွေ၊ သဘာဝပတ်ဝန်းကျင် ဖျက်ဆီးမှုတွေနဲ့ လက်နက်ကိုင် ပဋိပက္ခစတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ ပါဝင်ပတ်သက်နေတယ်လို့ ဆွီဒင်နိုင်ငံအခြေစိုက် Swedwatch အဖွဲ့က အစီရင်ခံစာ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။
ဒီကုမ္ပဏီသုံးခုဟာ ကချင်ပြည်နယ် ဖားကန့်ဒေသက ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေ၊ စစ်ကိုင်းတိုင်း လက်ပံတောင်းတောင်ဒေသက ကြေးနီတူးဖော်ရေးလုပ်ငန်းတွေကို စက်ယန္တရားတွေ ရောင်းချနေကြောင်း၊ ဒီအကြီးစားစက်မှုပစ္စည်းတွေကြောင့် မြန်မာနိုင်ငံ သတ္တုနဲ့ကျောက်မျက်တူးဖော်တဲ့လုပ်ငန်းတွေ မထင်မှတ်ထားတဲ့ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးခဲ့ကြောင်း၊ ဒီတူးဖော်ရေးလုပ်ငန်းတွေနဲ့ ဆက်စပ်ပြီး မြေပြိုတာ၊ ရေကြီးတာတွေကြောင့် ပြီးခဲ့တဲ့ ၁၅ နှစ်အတွင်း မြန်မာနိုင်ငံမှာ လူပေါင်းထောင်ချီပြီး မြေယာဆုံးရှုံးခဲ့ရကြောင်း Swedwatch အဖွဲ့ရဲ့ အစီအရင်ခံ စာမှာ ရေးသားထားပါတယ်။
ဒီသတင်းနဲ့ပတ်သက်လို့ Volvo ကုမ္ပဏီရဲ့ပြောခွင့်ရသူက သူတို့စီးပွားလုပ်ငန်းအနေနဲ့ အစီရင်ခံစာပါ ရေးသား ထားသလို လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အားပေးရာရောက်တယ်လို့ မမြင်ကြောင်း ဖြေကြားခဲ့ပါတယ်။
Caterpillar နဲ့ Komatsu ကုမ္ပဏီတွေကတော့ တစုံတရာပြောကြားဖို့ ငြင်းဆိုခဲ့တယ်လို့ ဒီနေ့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။