ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နေရာမှာ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကို ပြောင်းလဲခန့်အပ်တာအပါအဝင် ဝန်ကြီးဌာနတချို့ကို စစ်ကောင်စီက အပြောင်းအလဲပြုလုပ်ကြောင်း ဩဂုတ် ၃ ရက်နေ့ညက ကြေညာခဲ့ပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ကို ပြည်ထဲရေးဝန်ကြီးကနေ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ၁ ရဲ့ ဝန်ကြီးအဖြစ် ပြောင်းရွှေ့ခန့်အပ်လိုက်ပြီး ပြည်ထဲရေးဝန်ကြီးနေရာကိုတော့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းတွေမှာ ဦးဆောင်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကို ပြောင်းလဲခန့်အပ်လိုက်တာဖြစ်ပါတယ်။
ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးကိုလည်း ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးနေရာ ပြောင်းလဲခန့်အပ်ပြီး ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းကိုတော့ ကာကွယ်ရေးဝန်ကြီးနေရာ ပြောင်းလဲခန့်အပ်ခဲ့ပါတယ်။
အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနကို ဖျက်သိမ်းပြီး ဝန်ကြီး ဦးကိုကိုလှိုင်ကိုတော့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီး ၂ အဖြစ် ပြောင်းလဲခန့်အပ်လိုက်ပါတယ်။
ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်ကိုလည်း လူကယ်ပြန်ဝန်ကြီးကနေ ဟိုတယ်ခရီးဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးခဲ့ပါတယ်။
ဩဂုတ်လ ၂ ရက်နေ့ကလည်း စစ်ကောင်စီအဖွဲ့ဝင် ဦးမောင်ကို၊ ဒေါက်တာအောင်ကျော်မင်း၊ ပြည်ထောင်စုဝန်ကြီးတွေဖြစ်ကြတဲ့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး ဦးကိုကို၊ လျှပ်စစ် စွမ်းအားဝန်ကြီး ဦးသောင်းဟန်၊ စွမ်းအင်ဝန်ကြီး ဦးမျိုးမြင့်ဦးနဲ့ အလုပ်သမားဝန်ကြီး ဒေါက်တာပွင့်ဆန်းတို့နဲ့အတူ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးတင်ဦး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာဌေးအောင်၊ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးလှမြင့်တို့ကို ရာထူးကနေ ဖယ်ရှားခဲ့ပါတယ်။
စစ်ကောင်စီဟာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးကို ဇူလိုင် ၃၁ ရက်က နေပြည်တော်မှာ ကျင်းပပြီး အရေးပေါ်ကာလသက်တမ်းကို နောက် ခြောက်လ ထပ်တိုးလိုက်ပါတယ်။